ဒလမြို့နယ် အဖွဲ့ချုပ်လူငယ်တဦး မူးယစ်ရမ်းကားမှုဖြင့် တရားစွဲဆိုခံရ
နော်နိုရင်း
·
September 19, 2011
မူးယစ်ရမ်းကားမှုနဲ့ တရားစွဲဆိုခံရတဲ့ ရန်ကုန်တိုင်း ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက်သွယ်ရေးလူငယ် ကိုနေလင်းဦးကို ဒီနေ့ အမှုစတင်စစ်ဆေးပါတယ်။
အခုလ ၁၅ ရက်နေ့က အဖွဲ့ချုပ်ဗဟိုဌာနချုပ်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို တက်ရောက်ပြီးအပြန်မှာ ဖမ်းဆီးခံရပုံကို ကိုနေလင်းဦးက ခုလို ရှင်းပြပါတယ်။
“ကျနော်က ဧရာဝတီပန်ကြားချက်ရယ်၊ ဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေးသဝဏ်လွှာကို ဖတ်ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေးဆိုပြီး အော်ပါတယ်။ ဒလရဲစခန်းက ရဲ အယောက် ၂၀ လောက် ကျနော့်ကို လက်ထိတ်ခတ်ပြီး ဖမ်းသွားတယ်။ မနက်ရောက်တော့ မူးယစ်ရမ်းကားမှုနဲ့ တရားစွဲလိုက်ပါတယ်။”
ဖမ်းဆီးခံရချိန် သူဝတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်အောင်ဆန်းစုကြည် ပုံပါတီရှပ်ကိုလည်း ချွတ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့မှာ ချုပ်နှောင်တရားစွဲခံရပြီး ၁၆ ရက်နေ့ ညနေပိုင်းမှာ ငွေ ၁၀ သိန်းနဲ့ အာမခံရခဲ့တယ်လို့ ကိုနေလင်းဦးက ပြောပါတယ်။
အာဏာပိုင်တွေက သူ့ကို ပုဒ်မ ၄၁ - မူယစ်ရမ်းကားမှုနဲ့ တရားစွဲဆိုထားပါတယ်။ ဒီနေ့မှာ တရားလိုပြသက်သေကို စစ်ဆေးမှာဖြစ်ပြီး လာမယ့် ၂၁ ရက်နေ့ ဒုတိယရုံးချိန်း ထပ်ချိန်းတယ်လို့ ပြောပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို အစိုးရက ပထမဦးဆုံး အဖြစ် နေပြည်တော်မှာကျင်းပခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာလည်း ကျင်းပခဲ့ပါတယ်။