A d v e r t i s e m e n t With Us

ရုရှားလုပ် MI-17 ရဟတ်ယာဉ်ပျက်ကျ၊ ကိုလံဘီယာစစ်သည် ၁၇ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ကိုလံဘီယာနိုင်ငံ အလယ်ပိုင်း တောင်ထူတဲ့ နေရာမှာ ရုရှားလုပ် MI-17 ရဟတ်ယာဉ်တစီး ပျက်ကျလို့ စစ်သည် ၁၇ ဦး သေဆုံးတယ်လို့ ကိုလံဘီယာစစ်တပ်က ဇွန် ၂၇ ရက်မှာ ကြေညာပါတယ်။ ရဟတ်ယာဉ်ဟာ တောနက်ထဲက ချိုကိုခရိုင်ကနေ စစ်တပ်အခြေစိုက်စခန်းရှိရာ တိုလေမိုင်ဒါကိုအသွား မြို့တော် ဘိုကိုတာကနေ ၁၁၂ မိုင်အကွာ ကဲလ်ဒတ်စ်ခရိုင်ထဲမှာ ဇွန် ၂၆ ရက်က ပျက်ကျခဲ့တာပါ။ ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေဟာ ပျက်ကျတဲ့နေရာကို တောနက်ထဲမှာ ရှာခဲ့ပေမယ့် ရှင်သန်ကျန်ရစ်သူ ရှာမတွေ့ခဲ့ပါဘူး။ သူတို့ကို ပျက်ကျတဲ့နေရာမှာ သေဆုံးလျက်သာ တွေ့ရတယ်လို့ ကိုလံဘီယာ စစ်ဦးစီးမှူး ဗိုလ်ချုပ် အယ်လ်ဘာတို ဟိုဆေး မေဂျာက ပြောပါတယ်။ အရာရှိတွေက ရာသီဥတု ဆိုးရွားမှုကို အပြစ်တင်ပေမယ့် ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှု အပြည့်အဝ လုပ်နေပါပြီ။ သမ္မတ ဟွမ် မန်နျူရယ် စန်တို့စ်က ကျဆုံးစစ်သည်တွေရဲ့ မိသားစုဝင်တွေအတွက် စာနာဝမ်းနည်းကြောင်း ပြောပါတယ်။ ကိုလံဘီယာနိုင်ငံမှာ မနှစ် သြဂုတ်လက ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ရဲအရာရှိ ၁၆ ဦး သေဆုံးခဲ့ပါတယ်။ သူတို့စီးလာတဲ့ အမေရိကန်လုပ် UH-60 Black Hawk အမျိုးအစား ရဟတ်ယာဉ်က စက်ပိုင်းချို့ယွင်းမှုကြောင့် နိုင်ငံအရှေ့မြောက်ပိုင်းက မူးယစ်တိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up