ယူရိုပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် အင်္ဂလန်နည်းပြ ရာထူးမှ နုတ်ထွက်

ဓာတ်ပုံ - ရိုက်တာ
ယူရို ၂၀၁၆ ရှုံးထွက်အဆင့်မှာ အင်္ဂလန်က အိုက်စလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် နည်းပြ ရွိုင်းဟော့ဆန် (Roy Hodgson) လည်း နုတ်ထွက်လိုက်ပါတယ်။ နောက်ထပ် ၂ နှစ် တာဝန်ယူဖို့ ဆန္ဒရှိပေမယ့်လည်း အခုတော့ အင်္ဂလန်အသင်းကို နောက်ထပ် နည်းပြတယောက်က ကိုင်တွယ်ဖို့ အချိန်ရောက်ပါပြီလို့ နည်းပြ ရွိုင်းဟော့ဆန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အသက် ၆၈ နှစ်အရွယ် နည်းပြ ဟော့ဆန်ဟာ လွန်ခဲ့တဲ့ လေးနှစ်က အီတလီလူမျိုး နည်းပြ ဖေဘီယို ကာပယ်လို (Fabio Capello) ရဲ့ နေရာမှာ အစားထိုးပြီး အင်္ဂလန်အသင်းကို ကိုင်တွယ်လာတာ ဖြစ်ပါတယ်။ သူဟာ အရင်က အင်္ဂလန်နဲ့ စကင်ဒီနေးဗီးယား နိုင်ငံတွေက ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး ဆွစ်ဇာလန်ဘောလုံးအသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။ အင်္ဂလန်အသင်းဟာ ယူရိုပွဲတွေကနေ ထွက်လိုက်ရပြီးနောက် ပင်ကိုယ် အရည်အသွေးကောင်းပြီး မျှော်လင့်ချက်မြင့်မားတဲ့ ဘောလုံးသမားတွေအတွက် နည်းပြသစ် တယောက် ကိုင်တွယ်ရမယ့် အချိန်ရောက်ပြီလို့ ဟော့ဆန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နောက်ထပ် သိပ်မဝေးတော့တဲ့ နှစ်တွေအတွင်းမှာပဲ အင်္ဂလန်အသင်းကို ဗိုလ်လုပွဲမှာ မြင်ရနိုင်သေးလို့ စိတ်မလျှော့ကြဖို့လည်း ပရိသတ်တွေကို အားပေးစကား ပြောသွားပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်အတွင်း အင်္ဂလန်အသင်းကို ကိုင်တွယ်ခဲ့ရတဲ့အတွက်လည်း အမြဲတမ်း ဂုဏ်ယူနေမယ်လို့ ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up