A d v e r t i s e m e n t With Us

ထိတ်လန့်ချောက်ချားနေသည့် ရွှေ့ပြောင်းနေထိုင်သူများ ကယ်ဆယ်ရေးလှေပေါ် ခုန်ချသည့် ရုပ်သံ ဖြန့်ချိ

နယ်စည်းမခြား ဆရာဝန်များအသင်း (အမ်အက်စ်အက်ဖ်) က ဇွန်လ ၂၄ ရက် ညက ကယ်ဆယ်ရေးလုပ်ငန်းကို ရိုက်ကူးထားတဲ့ ရုပ်သံကို ဖြန့်ချိလိုက်ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေ ပြည့်နေတဲ့ ရာဘာလှေပေါ်မှာ ထိတ်လန့်ချောက်ချားနေတဲ့ လူတွေက အော်ဟစ်ရင်း ကယ်ဆယ်ရေး လှေတွေဆီကို ခုန်ချနေတဲ့ မြင်ကွင်းကို ရိုက်ကူးထားတဲ့ရုပ်သံ ဖြစ်ပါတယ်။ ရာဘာလှေ ၉ စီးနဲ့ သစ်သားလှေ ၁ စီးကို ကယ်ခဲ့ရပါတယ်၊ အခြေအနေက အင်မတန်ကို ရှုပ်ထွေးနေလို့ ကယ်ဆယ်ရေးလှေတွေ အတော်များများ ပါခဲ့ရပါတယ်၊ ဒါမျိုး မြေထဲပင်လယ်ထဲမှာ အရင်က တခါမှ မမြင်ဖူးဘူးလို့ အမ်အက်စ်အက်ဖ်ရဲ့ လုပ်ငန်းခွင် ညှိနှိုင်းရေးမှူး စီဘတ်စ်တျန် စတိန်းက ပြောပါတယ်။ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေရဲ့ သင်္ဘောတွေ၊ ရေတပ်နဲ့ ကမ်းရိုးတန်းစောင့်တပ်က သင်္ဘောတွေက ဇွန် ၂၃ ရက်မှာ ကယ်ဆယ်ရေးအတွက် ကူညီပြီး လှေစီး ရွှေ့ပြောင်းနေထိုင်သူ အယောက် ၄၅၀၀ လောက်ကို ကယ်ခဲ့ရပါတယ်။ ပင်လယ်တွင်း ငြိမ်သက်နေလို့ မြောက်အာဖရိက ကနေ ထွက်လာတဲ့ လှေစီး ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် များလာခဲ့တာပါ။ ဇွန် ၂၆ ရက်က မြေထဲပင်လယ်ထဲမှာ ကယ်ဆယ်ရေးလုပ်ငန်းပေါင်း ၂၇ ကြိမ်ကို ညှိနှိုင်း ဆောင်ရွက်နေခဲ့ပါတယ်၊ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၃၅၀၀ ကို ကယ်ခဲ့တယ်လို့ အီတလီ ကမ်းရိုးတန်းစောင့်တပ်က ဆိုပါတယ်။ ဂရိကျွန်းတွေကနေ ထွက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဟန့်တားရေး တူရကီနဲ့ ဥရောပသမဂ္ဂတို့ကြား သဘောတူညီချက်ကြောင့် ဒီနှစ်ရဲ့ ပထမငါးလမှာ လှေတွေ ရောက်လာမှုဟာ မနှစ်ကနဲ့စာရင် ၉၈ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (အိုင်အိုအမ်) က ဆိုပါတယ်။ အီတလီနိုင်ငံကို ရွှေ့ပြောင်းနေထိုင်သူတွေ ဆက်ရောက်လာတာကတော့ မနှစ်ကအတိုင်းသာ ရှိနေတာပါ။ မြေထဲပင်လယ်ရဲ့ အလယ်ပိုင်း လမ်းကြောင်းကနေ လှေတွေနဲ့ လာရောက်ချိန် လူ ၂၄၃၈ ဦး သေဆုံးခဲ့ပြီးပြီလို့ အိုင်အိုအမ်က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up