Home
မြန်မာသတင်း
ထိုင်း-မြန်မာနှစ်နိုင်ငံ နားလည်မှုစာချွန်လွှာနှင့်စာချုပ်များ၏ အနှစ်သာရထုတ်ပြန်
DVB
·
June 27, 2016
ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံအကြား လွန်ခဲ့တဲ့ရက်ပိုင်းက သဘောတူလက်မှတ်ရေးထိုးတဲ့ စာချုပ် ၂ ခုနဲ့ နားလည်မှုစာချွန်လွှာ ၁ ခုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးက ထုတ်ပြန်ခဲ့ပါတယ်။ ဇွန်လ ၂၄ ရက်နေ့ညနေက ထိုင်းအစိုးရအိမ်တော်မှာ ညနေပိုင်းက အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနဲ့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး ဗိုလ်ချုပ်ကြီး စီရီရှိုင်းဒစ်စကူတို့က နားလည်မှုစာချွန်လွှာ ၁ ခုနဲ့ သဘောတူ စာချုပ် ၂ ခုကို လက်မှတ်ထိုးခဲ့ကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာတို့ရှေ့မှောက်မှာ လက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။ အဲဒါတွေကတော့ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ်နဲ့ နယ်စပ်ဖြတ်သန်းသွားလာရေး ဆိုင်ရာ သဘောတူစာချုပ်တို့ပဲဖြစ်ပါတယ်။ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာဟာ “နှစ်နိုင်ငံအကြား အလုပ်သမားများ ပေးပို့ခြင်းနှင့် လက်ခံခြင်းလုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာပြီး ထိရောက်မှု ရှိစေဖို့နဲ့ အလုပ်သမားတွေ တရားမ၀င်စုဆောင်းခြင်းနဲ့ လူကုန်ကူးခံရတွေကနေ ကာကွယ်ရေး အတွက် နှစ်နိုင်ငံအကြား သတင်းအချက်အလက်များ တိုးမြှင့်ဖလှယ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးတဲ့အတွက် အလုပ်သမားတွေဟာ သွားရောက် လုပ်ကိုင်မယ့် နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒတွေနဲ့ အညီ လုပ်ငန်းခွင်မှာ တရားမျှတစွာ ပြုမူဆောင်ရွက်နိုင်သည့် အခွင့်အရေးတွေ ရရှိလာမှာဖြစ်ပါတယ်” လို့ဆိုပါတယ်။ အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ်ကတော့ “အလုပ်သမားတွေကို စာချုပ်ချုပ်ဆိုခန့်ထားရာမှာ လွယ်ကူချောမွေ့စေရေးအတွက် ခိုင်မာတဲ့ လုပ်ငန်းမူဘောင်တရပ် ရေးဆွဲဖော်ထုတ်ဖို့ ရည်ရွယ်ပါတယ်။ ဒီစာချုပ်ကို လက်မှတ်ရေးထိုးတဲ့အတွက် လက်ခံတဲ့နိုင်ငံရဲ့ နယ်မြေအတွင်း ၀င်ရောက်လာတဲ့ အလုပ်သမားတွေဟာ တန်းတူညီမျှမှုအပေါ်အခြေခံပြီး လက်ခံတဲ့နိုင်ငံရဲ့ တည်ဆဲအလုပ်အကိုင်စာချုပ်တွေ၊ အလုပ်သမားဥပဒေတွေနဲ့ နည်းဥပဒေတွေ နဲ့အညီ အကာအကွယ်တွေရရှိခြင်းတို့အပြင် အခွင့်အရေးနဲ့ အကျိုးခံစားခွင့်တွေလည်း ရရှိလာမှာ ဖြစ်ပါတယ်။”လို့ဆိုပါတယ်။ နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ထိုးတဲ့အတွက် “မြန်မာ- ထိုင်း နှစ်နိုင်ငံအကြား ၁၉၉၇ ခုနှစ်၊ မေလ ၁၆ ရက်နေ့က လက်မှတ်ရေးထိုးထားတဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို နှစ်နိုင်ငံ နယ်စပ် တလျှောက် ပြောင်းလဲလာသော အခြေအနေတွေနဲ့ နယ်စပ်ဒေသရှိ အလုပ်သမားတွေရဲ့ အကျိုး စီးပွားကို ပိုမိုကာကွယ်စောင့်ရှောက်သွားနိုင်ရန် ရည်ရွယ်၍ ပြင်ဆင်/ဖြည့်စွက်ထားတဲ့ စာချုပ် ဖြစ်ပါတယ်”  လို့ဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာရဲ့ ဖိတ်ကြားချက်အရ နိုင်ငံအကြီးအကဲတဦးအနေနဲ့ တရားဝင် လာရောက်လည်ပတ်တဲ့ ခရီးစဉ်ဖြစ်ပြီး ဘန်ကောက်အနီးမဟာချိုင်မှာ အလုပ်သမားတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံခြာရေးဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံသလို ထိုင်း တက္ကသိုလ် ကျောင်းသားတွေကိုလည်း အထူးဟောပြောချက်တရပ် ပို့ချခဲ့ပါတယ်။ ဒီနောက် ဇွန် ၂၅ ရက်နေ့မှာ ထိုင်းအစိုးရအိမ်တော်မှာ ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ သဘောတူ စာချုပ်လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024