ဒလိုင်းလားမားနှင့် လေဒီဂါဂါ တွေ့ဆုံပြီး မေတ္တာတရားအကြောင်း ဆွေးနွေး

ဓာတ်ပုံ - Lady GAGA INSTAGRAM
နာမည်ကျော် ပေါ့ပ်စတား လေဒီဂါဂါဟာ ဇွန်လ ၂၆ ရက်နေ့က ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ အမေရိကန်နိုင်ငံမှာ တွေ့ဆုံကာ လူသားချင်းစာနာထောက်ထားမှုနဲ့ ကြင်နာမှုအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုဟာ မိနစ် ၂၀ ကြာ အစီအစဉ်တခုဖြစ်ပြီး သတင်းတင်ဆက်သူ အန်းကာရီက စကားဝိုင်း ဦးဆောင်ထိန်းပေးခဲ့တာပါ။ အင်ဒီယားနားပြည်နယ် မြို့တော်ဝန်များဆိုင်ရာ ၈၄ ကြိမ်မြောက် ကွန်ဖရင့်ကျင်းပပြီးချိန် စင်မြင့်နောက်မှာ တွေ့ဆုံခဲ့ကြချိန် သူတို့ဟာ ကြင်နာမှုရဲ့ စွမ်းအားနဲ့ မျှော်လင့်ချက် အကြောင်းတွေကို ဆွေးနွေးခဲ့ကြပြီး လက်ချင်းမြဲမြဲဆွဲကာ နှုတ်ဆက်ခဲ့ကြပါတယ်။ အသက် ၈၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ကိုယ်ချင်းစာတရား၊ ကြင်နာမှုတွေနဲ့ တည်ဆောက်ရမယ့် မြို့တော်တွေရဲ့ အရေးပါမှုနဲ့ ဆိုင်တဲ့ အဖွင့်နှုတ်ဆက်စကားကို ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ သူက လေဒီဂါဂါကို လူမှုကွန်ရက် စာမျက်နှာပေါ်ကတဆင့် မေးထားတဲ့ ရွေးချယ်မေးခွန်းတွေထဲက ကမ္ဘာပေါ်က တရားမျှတမှုကင်းမဲ့မှု အကြောင်းအရာတွေနဲ့ ပတ်သက်လို့လည်း မေးခဲ့ပါသေးတယ်။ အသက် ၃၀ အရွယ် လေဒီဂါဂါဟာ ဒီတွေ့ဆုံပွဲမှာ ၀တ်စုံ ၂ စုံ လဲလှယ်ဝတ်ဆင်ခဲ့တာပါ။ အနက်ရောင် ဂျက်ကက်အင်္ကျီ၊ ဂျင်းဘောင်းဘီအကြပ်၊ အနက်ရောင် လည်ရှည်ဖိနပ် ၀တ်ဆင်ထားခဲ့တဲ့ လေဒီဂါဂါဟာ သူ့ရဲ့ ပလက်တီနမ်ရောင်လက်နေတဲ့ ဆံပင်နဲ့ မိတ်ကပ်အနည်းငယ်သာ လိမ်းထားပြီး တက်ရောက်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ သူဟာ အဖြူရောင်ဘောင်းဘီအကြပ်၊ စွပ်ကျယ်အင်္ကျီပေါ်ကနေ အဖြူရောင် ဘလောက်စ်အင်္ကျီတထည်ကို ထပ်ပြီး ၀တ်ဆင်ထားတဲ့ ၀တ်စုံကို  လဲလှယ်လိုက်တာပါ။ ဒီတွေ့ဆုံဆွေးနွေးမှု ရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်မှတဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး လေဒီဂါဂါရဲ့ ကိုယ်ပိုင်အင်တာနက်ဝက်ဘ်ဆိုက် စာမျက်နှာ gagadaily.com မှာလည်း တင်ထားခဲ့ပါတယ်။ သူဟာ အင်စတာဂရမ် စာမျက်နှာမှာလည်း ပုံ ၃ ပုံကို အချိန်ခြားခဲ့ပြီး မျှဝေခဲ့တာပါ။ နှစ်သက်သူပရိသတ်ပေါင်း ၁၇ သန်းခွဲရှိတဲ့ လေဒီဂါဂါရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်က ပထမပုံကို “ကြင်နာမှုနဲ့ ကိုယ်ချင်းစာနာမှု အကြောင်းကို ပြန်လည်မျှဝေဖို့ ပြင်ဆင်နေတယ်” လို့ ဖော်ပြခဲ့ပါတယ်။ ဒုတိယပုံကိုတော့ ဒလိုင်းလားမားနဲ့ လက်ဆွဲနှုတ်ဆက်နေတာကို တင်ခဲ့ကာ “မျှော်လင့်ချက်ဟာ ကမ္ဘာကြီးကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အရေးပါပါတယ်” လို့ ဖော်ပြခဲ့တာပါ။ တတိယတပုံမှာတော့ သူတို့တွေ့ဆုံနေချိန်မှာ အင်ဒီယားနားပြည်နယ်တွင်း ပြတင်းပေါက်မှ ငေးမောကြည့်နေပုံကို တင်ခဲ့ကာ “ကြင်နာမှုဆိုတာ ဘယ်တော့မှ ခြောက်သွေ့မသွားမယ့် တွင်းထဲက အခမဲ့ငွေကြေး” လို့ ဖော်ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up