စင်ကာပူလေကြောင်းလိုင်းလေယာဉ် ချန်ဂီလေဆိပ်ကို ပြန်ဆင်းသက်စဉ် မီးလောင်

ဓာတ်ပုံ - channelnewsasia
စင်ကာပူလေကြောင်းလိုင်း (SIA) က လေယာဉ်တစီးဟာ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကို ပြန်ဆင်းသက်ရင်း ဒီနေ့မနက်က မီးလောင်ခဲ့ပါတယ်။ စင်ကာပူကနေ အီတလီနိုင်ငံ မီလန်မြို့ကို သွားနေချိန်မှာ အင်ဂျင်ဝိုင် သတိပေးချက် ထွက်ပေါ်လာလို့ လှည့်ပြန်ဆင်းသက်ချိန်မှာ ခုလို ဖြစ်တာပါ။ ဘိုးအင်း ၇၇၇-၃၀၀ အီးအာ အမျိုးအစား လေယာဉ်ဟာ ချန်ဂီလေဆိပ်ကို မနက် ၆ နာရီ မိနစ် ၅၀ မှာ ဆင်းသက်ချိန် လေယာဉ်ရဲ့ ညာဘက်အင်ဂျင်ကို မီးစွဲလောင်ခဲ့လို့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေက မီးငြှိမ်းသတ်ခဲ့ရပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၂၂၂ ဦးနဲ့ ဝန်ထမ်း ၁၉ ဦး ပါပြီး သူတို့အားလုံး ဘေးကင်းတယ်လို့ SIA က ကြေညာချက် ထုတ်ပြန်သလို လေဆိပ်အရာရှိတွေကလည်း အတည်ပြု ပြောဆိုပါတယ်။ ခရီးသည်တွေ လေယာဉ် လှေကားကတဆင့် ထွက်ခဲ့ပြီး လေဆိပ်ခန်းမဆောင်ကို ဘတ်စ်ကားနဲ့ ပို့ဆောင်ပေးခဲ့တယ်၊ ခရီးသည်တွေ ဒီနေ့ နှောင်းပိုင်းမှာ မီလန်ကို ထွက်ခွာမယ့် တခြားလေယာဉ်တစီးဆီကို လွှဲပေးမယ်လို့ ကြေညာချက်က ဆိုပါတယ်။ လေကြောင်းခရီးစဉ်အမှတ် SQ368 ဟာ မနက် ၂ နာရီလောက်က စင်ကာပူကနေ ထွက်ခွာခဲ့ပြီး ၂ နာရီလောက် အကြာမှာ အင်ဂျင်ပြဿနာရှိတယ်၊ စင်ကာပူကို လှည့်ပြန်မယ်လို့ လေယာဉ်မှူးက ကြေညာခဲ့ကြောင်း ချန်နယ်နယူးစ်အေးရှား သတင်းဌာနက အစီရင်ခံပါတယ်။ SIA လေကြောင်းလိုင်းရဲ့ တခုတည်းသော လူသေတဲ့ မတော်တဆမှုဟာ သက္ကရာဇ် ၂၀၀၀ က ဖြစ်ခဲ့ဖူးပါတယ်။ လေယာဉ်က ထိုင်ဝမ်လေဆိပ်ကနေ ပျံတက်ဖို့ ကြိုးစားချိန်မှာ လေယာဉ်ပြေးလမ်း မှားယွင်းပြီး ဆောက်လုပ်ရေးပစ္စည်းတွေကို ဝင်တိုက်ခဲ့လို့ လေယာဉ်ပေါ်ပါသူ ၁၇၉ ဦးထဲက ၈၃ ဦး သေဆုံးခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up