Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်းကိစ္စ ပြန်သုံးသပ်တော့မည်ဟုဆို
နေသွင်
·
September 17, 2011
မြစ်ဆုံစီမံကိန်းကို ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တဲ့ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက  ပြည်သူ့ဆန္ဒကို လိုက်လျောဖို့ သဘောတူလိုက်ပါတယ်။ [caption id="attachment_15149" align="alignleft" width="310" caption="ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို အဝေးမှ မြင်ရစဉ် (ဧရာဝတီ မြစ်ကမ်းတနေရာ)"][/caption] ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲကို ၀န်ကြီး ဦးဇော်မင်း ကိုယ်တိုင် တက်ရောက်ခဲ့ပြီး၊ စက်မှု ၂ ၀န်ကြီး၊ (စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ) ဦးစိုးသိန်းရဲ့  စီမံကိန်းကို ပြန်သုံးသပ်ဖို့ အကြံပြုချက်ကို ဦးဇော်မင်းက လက်ခံသွားတာပါ။ မကြာခင်ကပဲ မြစ်ဆုံစီမံကိန်းကို မဖြစ်မနေဆက်လုပ်မယ်လို့ ပြောခဲ့တဲ့ ဦးဇော်မင်းက စီမံကိန်းကို အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနတခုတည်းရဲ့ အဆုံးအဖြတ်နဲ့ ဆက်မလုပ်ဘဲ၊ အစိုးရရဲ့ အဆုံးအဖြတ်၊ လွှတ်တော် အဆုံးအဖြတ်တို့ကို ခံယူသွားမယ်လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အစည်းအဝေး တက်ရောက်တဲ့ ရန်ကုန်တိုင်းမ် ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးကိုကိုက အခုလို ပြောပြပါတယ်။ “၀န်ကြီး နောက်ဆုံး ပြောသွားတဲ့အချိန်မှာ ဘာပါလဲဆိုတော့ အဲဒီဟာတွေ လုပ်တဲ့အချိန်တုန်းက သူတို့ဆီမှာ ၀န်ကြီးဌာန သီးခြားမရှိပါဘူးတဲ့။ အခု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဋ္ဌာနဆိုတာ ရှိလာပါပြီတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဥပဒေလည်း ရေးဆွဲနေပါပြီတဲ့ ပေါ်နေပါပြီတဲ့။ ဥပဒေဟာလည်း မကြာမီ ပေါ်ပေါက်တာ့မှာ ဖြစ်တဲ့အတွက် ဒီ issue နဲ့ ပတ်သက်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနကို လွှဲပေးပါ့မယ်တဲ့။ အဲဒီဝန်ကြီးဌာနရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူပါ့မယ်လို့ ဦးဇော်မင်းက ပြောပါတယ်။ အခုဟာကလည်း ဒီမိုကရေစီလည်း ဖြစ်နေပြီ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ခံရမယ်။ အများရဲ့ သဘောနဲ့ လုပ်ရမယ်။ ဒီသဘောမျိုး သူပြောသွားတယ်။” မကြာခင်ကမှ အသစ်ဖွဲ့လိုက်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနရဲ့ ၀န်ကြီး ဦးဝင်းထွန်းကလည်း စီမံကိန်းနဲ့ပတ်သက်လို့ နောက်ပိုင်း လေ့လာမှုတွေလုပ်တဲ့အခါမှာ ဘယ်သူ့မျက်နှာမှာ မထောက်ညှာဘဲ လုပ်သွားမယ်လို့ ပြောကြားသွားတယ်လို့ ဆိုပါတယ်။ မြစ်ဆုံစီမံကိန်းကို တရုတ်ပညာရှင်တွေနဲ့အတူ လေ့လာမှုတွေ လုပ်ခဲ့တဲ့ ဘန်ကာ (BANCA) အဖွဲ့ ဥက္ကဋ္ဌ (ဒေါက်တာ ထင်လှ) စာတမ်းဖတ်ခဲ့ပြီး၊ အစီရင်ခံစာတွေကို လူထုကို ချပြဖို့ အကြံပြုသွားတယ်လို့ ဦးကိုကိုက ပြောပါတယ်။ “သူရဲ့ report ထဲမှာ ပါတဲ့ မာတိကာနဲ့ ဒီ report ကို သူ ဘယ်လို လုပ်ခဲ့တယ်ဆိုတာကို ပြောတယ်။ နောက်တခုက သူ ၀န်ခံထားတာက ဒီ report က ပြည့်စုံတဲ့ report မဟုတ်ဘူး။ အချိန်လုံလောက်မှု မရှိဘူးလို့ပြောတယ်။ နောက်ဆုံးအချက်မှာတော့ သူပြောတာကတော့ မဆိုးပါဘူး။ အဲဒါက အားလုံးသိအောင် ဒီ report ကို သူ့ကို အလုပ်အပ်တဲ့သူကိုပေါ့ (တရုတ်တွေပေါ့)၊ အများပြည်သူသိအောင်လို့ ပြသင့်တယ်လို့ ပြောသွားတယ်။” ၀န်ကြီး ဦးစိုးသိန်းရဲ့ အကြံပြုချက်ထဲလည်း နောက်ပိုင်း လေ့လာမှုတွေ လုပ်တဲ့အခါမှာ အရင်က လုပ်ခဲ့တဲ့အဖွဲ့တွေသာမက၊ မဲခေါင်မြစ်ကော်မရှင်လို တတိယအဖွဲ့တွေနဲ့ လုပ်ပြီး၊ ပြည်သူတွေနဲ့ ပညာရှင်တွေကိုချပြပြီး အဆုံးအဖြတ်ကို ယူဖို့ အကြံပြုသွားတယ်လို့ ဆိုပါတယ်။ ဒီဆွေးနွေးချက်တွေအပေါ်မှာ ဦီးကိုကို သူ့အမြင်ကို အခုလို ပြောပါတယ်။ “တရုတ်ရဲ့ စမ်းစစ်မှု တခုတည်းတင် မကဘူး။ အခြားအဖွဲ့ရဲ့ စမ်းစစ်မှုတွေကိုလည်း ယူပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနတွေရဲ့ ဒီအပေါ်မှာ စမ်းစစ် တွေ့ရှိချက်ကို ဆက်လုပ်သင့်သလား။ မလုပ်သင့်ဘူးလားပေါ့။ ဆိုတော့ ဒါတွေက ကြာသွားဦးမှာဗျ။ စီမံကိန်းက ကျနော့်အမြင်တော့ ရပ်ရင်လည်း ရပ်သွားနိုင်တယ်။ လောလောဆယ် အနေအထားကတော့ မျောသွားမယ့် အနေအထားရှိတယ်။ ရှေ့ဆက်ပြီး တိုးမယ့် အနေအထား မရှိတော့ဘူး။” လျှပ်စစ်ဓာတ်အား မဂါဝပ် ၁၈,၀၀၀ ထုတ်လုပ်မယ့် ဧရာဝတီမြောက်ဖျားက မြစ်ဆုံစီမံကိန်းကို မြန်မာအစိုးရက တရုတ်အစိုးရရဲ့ အကူအညီနဲ့ လုပ်နေတာဖြစ်ပြီး ဒီကထွက်တဲ့ လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကို ရောင်းချဖို့ ရည်ရွယ်ထားတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024