အမြင့်ပေ ၁၀၀၀ ကျော်တွင် တပ်ဆင်ထားသည့် မှန်လျှောစီးစင် (ရုပ်သံ)
အမေရိကန်ပြည်ထောင်စု၊ လော့အိန်ဂျလိဒ်စ်မြို့က အမြင့်ပေ ၁၀၀၀ ကျော်မှာ တပ်ဆင်တဲ့ မှန်လျှောစီးစင်တခုကို မိုးမျှော်တိုက်နံရံမှာ ကပ်လျက်တပ်ဆင်ထားပြီး ဇွန် ၂၅ ရက်နေ့က လျောစီးချင်တဲ့ မြို့ခံတွေကို ဖွင့်ပေးခဲ့ပါတယ်။
လျှောစီးစင်အရှည်ကတော့ ၄၅ ပေပဲ ရှိပေမယ့် အမေရိကန်ဘဏ်မိုးမျှော်တိုက်ကြီးရဲ့ အထပ် ၇၀ ကနေ ၆၉ ထပ်အပြင်ဘက် နံရံမှာ ကပ်ပြီးတပ်ဆင်ထားတာပါ။
၁ လက်မအထူ မှန်နဲ့ တပ်ဆင်ထားပေမယ့် အင်အားပြင်း ဟာရီကိန်းမုန်တိုင်းတွေနဲ့ ငလျင်ဒဏ်တွေကို ခံနိုင်ရည်ရှိတယ်လို့ စီစဉ်ဖွင့်လှစ်သူတွေကပြောဆိုပါတယ်။
လူတယောက်ကို အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာနဲ့ လျှောစီးနိုင်ပြီး ရှုမျှော်ခင်းကြည့် လေသာဆောင်တခုလည်း ပါဝင်ပါတယ်။
ဒီလျှောစီးစင်ကို ဖွင့်လှစ်သူတဦးက လျှောစီးချင်တဲ့လူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးဟာ ပထမဦးစားပေးဖြစ်ပြီး လေယာဉ်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့ အကောင်းဆုံးသံမဏိတွေကို သုံးစွဲထားတဲ့အတွက် ငလျင်ပြင်းအား ၈ အထိ ခံနိုင်တယ်လို့ပြောဆိုပါတယ်။