ချစ်သူနှစ်ဦးအား ကိုယ်လုံးတီး သစ်ပင်တွင်ချည်နှောင်ခဲ့သည့် ရွာသားများ ဖမ်းဆီးခံရ (ရုပ်သံ)

38.4K
အိန္ဒိယနိုင်ငံ၊ ရာဂျာစ်သန်ပြည်နယ်ထဲက ကျေးရွာတရွာမှာ မျိုးနွယ်စုဓလေ့ထုံးစံတွေကို ဖောက်ဖျက်ခဲ့တဲ့ စုံတွဲတတွဲကို ဓားစာခံအဖြစ် ပြန်ပေးဆွဲကာ ကိုယ်လုံးတီးနဲ့ သစ်ပင်မှာ နှစ်ရက်ကြာ ချည်နှောင်ထားခဲ့တဲ့ ရွာသား ၁၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ နယူး ဒေလီရုပ်မြင်သံကြားသတင်းမှာ ဇွန်လ ၂၅ ရက်နေ့က ဖော်ပြပါတယ်။
ရဲတွေရဲ့အဆိုအရ ဖမ်းဆီးခံရတဲ့ အမျိုးသမီးဟာ လင်ယောက်ျားဖြစ်သူကို ထားခဲ့ပြီး တခြားအမျိုးသားတဦးနဲ့ မရှင်းလင်းတဲ့ အခြေအနေတခုနဲ့ နေထိုင်ခဲ့ရာကနေ သတင်းတွေ ပျံ့နှံ့ခဲ့ရာကနေ ခုလိုဖြစ်ခဲ့တာလို့ ပြောပါတယ်။
ဒေသထုံးစံအရ အမျိုးသားကို ငွေကြေးဆိုင်ရာလျော်ကြေးမပေးခဲ့ပဲ ခုလိုဖြစ်ခဲ့တဲ့အပေါ် မကျေနပ်ကြတဲ့ ရွာသားတွေက သူတို့စုံတွဲကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့ကြတာပါ။
ရွာသားတွေဟာ သူတို့စုံတွဲကို ကိုယ်လုံးတီးနဲ့ လမ်းလျှောက်စေပြီး သစ်ပင်မှာ ၂ ရက်ကြာချည်နှောင်ထားခဲ့တာပါ။
အမျိုးသမီးရဲ့ အစ်ကိုဖြစ်သူနဲ့ မိသားစုတွေဟာ သူတို့ကို ကယ်တင်ဖို့ သွားရောက်ခဲ့ချိန်မှာ သူတို့ကိုလည်း တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ကျနော့် ညီမကို သူတို့က ဓားစားခံခေါ်ပြီး နှိပ်စက်ခဲ့ကြတယ်။ ၂ ရက်လောက် ကြာတော့ ကျနော်ကယ်ဖို့သွားခဲ့ချိန်မှာ သူတို့က တိုက်ခိုက်ခဲ့ကြပါတယ်။”
အဲဒီအမျိုးသမီးကို မိသားစုက ရူပီးငွေ ၈ သောင်းပေးပြီး ရွေးယူခဲ့ကြရကာ အမှုမှာ ပါဝင်ခဲ့သူတွေကို ရဲတွေဆီမှာ ထွက်ဆိုခဲ့ကြတာပါ။
အမျိုးသမီးရဲ့ လင်ယောက်ျားဖြစ်သူနဲ့ အမျိုးသမီး ၃ ဦးအပါအ၀င် ရွာသား ၁၃ ဦး ဖမ်းဆီးခံခဲ့ရကာ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။