အီးယူမှ ခွဲရေး/တွဲရေး လူထူဆန္ဒခံယူပေးရန် ဒိန်းမတ် ပြည်သူ့လှုပ်ရှားမှုပါတီ တောင်းဆို

ဥရောပ သမဂ္ဂ (အီးယူ) နဲ့ ဗြိတိန်တို့ တွဲရေး၊ ခွဲရေး လူထုဆန္ဒခံယူပွဲမှာ ခွဲရေးဘက်က အနိုင်ခဲ့ပြီးနောက် ဒိန်းမတ်မှာလည်း အီးယူနဲ့ တွဲရေး၊ ခွဲရေး ကိစ္စကို လူထုဆန္ဒခံယူပွဲကျင်းပပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။
ဒိန်းမတ်မှာရှိတဲ့ အီးယူ ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုပါတီဟာ အစကတည်းက အီးယူကနေ ဒိန်းမတ် ခွဲထွက်ရေးကို စည်းရုံးခဲ့တဲ့ပါတီဖြစ်ပြီး လူထု ထောက်ခံမှု မရခဲ့ပါဘူး။
အခု ဗြိတိန် လူထုဆန္ဒခံယူပွဲ ရလဒ်ကြောင့် လူထုထောက်ခံမှု ပိုရလာတယ်လို့ ပါတီ ခေါင်းဆောင် တယောက်ဖြစ်တဲ့ ဂျက်စဖာ မော်ဗေလီ Jesper Morville က ပြောပါတယ်။
ကျန်ခဲ့တဲ့ သုံးလအတွင်းမှာ ဆန္ဒခံယူပွဲကို တောင်းဆိုတဲ့ လက်မှတ် ၁ သောင်းကျော် စုဆောင်းနိုင်ခဲ့တာကို ကြည့်ရင်လည်း ဒိန်းမတ် ပြည်သူတွေဟာ အရင်နဲ့ မတူတော့တဲ့ သဘောထား ခံယူချက်တွေ ပြောင်းလဲလာတာကို သိနိုင်တယ်လို့လည်း ပြောပါတယ်။
၂၀၀၈ ခုနှစ်ကနေ စတင်ခဲ့တဲ့ စီးပွားရေး အကြပ်အတည်းကို အီးယူက မဖြေရှင်းနိုင်ခဲ့တာ၊ အထူးသဖြင့် ဂရိ၊ စပိန်၊ အိုင်ယာလန် တို့မှာ စီးပွားရေး အခြေအနေတွေ ဆိုးရွားနေတာကို အီးယူက ထိထိရောက်ရောက် မကူညီနိုင်တာကို လူတွေက မျက်ဝါးထင်ထင် တွေ့မြင်ပြီး အမှန်အတိုင်း သိမြင်လာကြတယ်လို့ သူက ပြောပါတယ်။
ဒါပေမယ့် ဒီအယူအဆကို ဒိန်းမတ် ပြည်သူတွေ အားလုံးက သဘောတူကြတာတော့ မဟုတ်ပါဘူး။
အီးယူ ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှု ပါတီက ဖြန့်ဝေထားတဲ့ လက်ကမ်းစာစောင်မှာ (ဗြိတိန် နောက်က လိုက်ကြစို့) လို့ ရေးထားပေမ့ယ် ဒိန်းမတ် လစ်ဘရစ်ပါတီက လွှတ်တော်အမတ် ဟန်ဆန်က ခွဲထွက်ရေးထက် စာရင်၊ ဘယ်လိုနည်းလမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရင် ပိုအဆင်ပြေမလဲ၊ ဘယ်လို ပြုပြင်ပြောင်းလဲရင် လိုအပ်သလဲဆိုတာကို ဆွေးနွေးတာက ပိုပြီး အကျိုးရှိမယ်လို့ ပြောပါတယ်။