အင်ဒိုနီးရှား သင်္ဘောသား ၇ ဦး ပြန်ပေးဆွဲခံရ

724
အင်ဒိုနီးရှားနိုင်ငံသား သင်္ဘောသား ၇ ဦး ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စူလူပင်လယ်ထဲမှာ ပြန်ပေးဆွဲခံထားရတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဇွန် ၂၄ ရက်နေ့မှာ ပြောပါတယ်။
အရှေ့တောင်အာရှ အိမ်နီးချင်း ၂ နိုင်ငံကြား ရေပိုင်နက်တွေမှာ ပြန်ပေးဆွဲမှုတွေအတွင်း ဖြစ်ရပ်တခုပါ။
ကမ္ဘာ့ထိပ်တန်း ကျောက်မီးသွေးတင်ပို့သူ အင်ဒိုနီးရှားအတွက် အဓိက ပင်လယ်ရေကြောင်း ခရီးလမ်းရှိရာ စူလူ ပင်လယ်မှာ ပင်လယ်ဓားပြရန်ကို စိုးရိမ်ကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက ထပ်ပြောပါတယ်။
ဇွန် ၂၀ တရက်တည်းမှာ စူလူပင်လယ်မှာ ပြန်ပေးဆွဲမှု ၂ မှု ရှိခဲ့တယ်၊ မတူခြားနားတဲ့ လက်နက်ကိုင် အုပ်စု ၂ ခုက အချိန် ၁ နာရီခွဲ အတွင်း ပြန်ပေးဆွဲခဲ့ကြတယ်၊ လှေ ၂ စီးပေါ်မှာ သင်္ဘောသား ၁၃ ဦးပါတယ်၊ ၆ ဦးလွတ်ပြီး ၇ ဦး ပြန်ပေးဆွဲခံရတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
စူလူပင်လယ်အတွင်း တနှစ်ကို အမေရိကန် ဒေါ်လာ ဘီလီယံ ၄၀ တန်ဖိုးရှိ ကုန်သင်္ဘောတွေ ဖြတ်သန်းသွားလာနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
ဒီနှစ်အစောပိုင်းကလည်း ဖိလစ်ပိုင် တောင်ပိုင်းက အဘူဆေးယတ် စစ်သွေးကြွ ကွန်ရက် နဲ့ ပတ်သက်တယ်လို့ သံသယရှိတဲ့ အုပ်စုတွေက ဖိလစ်ပိုင်ရေပြင်မှာ လှေတွေကို တိုက်ခိုက်မှု ၃ ခုအတွင်း အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံသား ၁၈ ဦးကို ပြန်ပေးဆွဲခဲ့ပါတယ်။
ပြန်ပေးဆွဲခံ အင်ဒိုနီးရှား နိုင်ငံသား ၁၄ ဦးလုံး နောက်ပိုင်းမှာ ပြန်လွတ်ခဲ့ပါတယ်။ အင်ဒိုနီးရှားကတော့ ဖိလစ်ပိုင်ကို ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့၊ အရေးယူမှုတွေ လုပ်ဖို့ တိုက်တွန်းခဲ့တာပါ။
ပင်လယ်ပြင် ပြန်ပြေးဆွဲမှု တိုးလာလို့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေ အရင်လက ဒေသတွင်း သွားလာမှုများတဲ့ ရေကြောင်းလမ်းတွေ ဘေးကင်းရေး ညှိနှိုင်း ကင်းလှည့်ဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် ညှိနှိုင်း ကင်းလှည့်မှုတွေကို မစတင်ရသေးပါဘူး။