A d v e r t i s e m e n t With Us

အိုးအိမ်စွန့်ခွာထွက်ပြေးသူများကို ပြန်ခေါ်မည်ဟု ဒေါ်စုပြော

အချိန်ကျရင် ထိုင်း-မြန်မာနယ်စပ်က အိုးအိမ်စွန့်ခွာထွက်ပြေးတဲ့သူတွေကို ပြန်ခေါ်မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံ ၃ ရက်ကြာ ခရီးစဉ်အတွင်း ဇွန် ၂၄ ရက်က ထိုင်းအစိုးရအိမ်တော်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာ ဖြစ်ပါတယ်။ ထိုင်းအစိုးရက မြန်မာလူမျိုးတွေအတွက် လုပ်ဆောင်ပေးထားတာကို တန်ဖိုးထားသလို ဒီနိုင်ငံကို အိုးအိမ်စွန့်ခွာ ထွက်ပြေးလာတဲ့သူတွေက မြန်မာနိုင်ငံကို ပြန်လာရမှာ ဖြစ်ပြီး အစိုးရက သူတို့ကို စောင့်ရှောက်ပေးဖို့ တာဝန်ရှိတယ်လို့ သူက ပြောပါတယ်။ "ဒီမှာရှိတဲ့ ကျမတို့လူတွေအတွက် ကျမတို့က တာဝန်ရှိပါတယ်။ သူတို့အတွက် တာဝန်မရှိဘူးလို့ ကျမဘယ်တုန်းကမှ မပြောဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ထိုင်းရောက်နေတဲ့ မြန်မာက အိုးအိမ်စွန့်ခွာထွက်ပြေးလာတဲ့သူတွေ မူရင်းနေရပ်မှာ လုံလုံခြုံခြုံ ပြန်လည်နေထိုင်နိုင်ဖို့ ထိုင်းနဲ့ မြန်မာအစိုးရက ပူးပေါင်းလုပ်ဆောင်ဖို့ ကော်မတီတခု ဖွဲ့စည်းဖို့လည်း အတည်ပြုလိုက်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်က စခန်း ၉ ခုမှာ မြန်မာက အိုးအိမ်စွန့်ခွာထွက်ပြေးနေထိုင်သူ  ၁ သန်း နီးပါး ခိုလှုံနေပါတယ်။ အိမ်ကိုမပြန်ခင် အိုးအိမ်စွန့်ခွာထွက်ပြေးနေထိုင်သူတွေအတွက် အလုပ်အကိုင်နဲ့ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ပေးဖို့လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “ကျမတို့လူတွေ အလုပ်လိုချင်တယ်၊ ကျမတို့လူတွေ အလုပ်လိုအပ်တယ်။ သူတို့ ခြေထောက်ပေါ်မှာ ရပ်တည်နိုင်ဖို့ သူတို့ အခွင့်အရေးလိုတယ်”လို့ သူက ပြောပါတယ်။ ဒါ့အပြင် အိုးအိမ်စွန့်ခွာထွက်ပြေးလာတဲ့သူတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနဲ့ မြန်မာက ကာကွယ်ဖို့ ရည်ရွယ်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပရာယွတ်တို့က ပြောပါတယ်။ ထိုင်းက မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်ထောက်ခံတဲ့အကြောင်းနဲ့ အိုးအိမ်စွန့်ခွာနေထိုင်သူတွေရဲ့ ဆန္ဒနဲ့အညီ လုံခြုံမှုနဲ့ သိက္ခာရှိရှိ နေရပ်ပြန်နိုင်အောင် အတူတကွ လုပ်ဆောင်ဖို့ အချိန်တန်ရင် အစိုးရ ၂ ရပ်လုံးက လုပ်သွားမယ်လို့ ပရာယွတ်က ပြောပါတယ်။ ဒါအပြင် ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေခံ အခွင့်အရေးနဲ့ လုံခြုံရေးကို ကာကွယ် မြင့်တင်ဖို့ ၂ နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ တခြားကိစ္စရပ်တွေကို ဆွေးနွေးတယ်လို့လည်း သူက ပြောပါတယ်။ စီးပွားရေးကိစ္စတွေမှာလည်း ၂၀၁၆-၁၈ ခုနှစ်အထိ ၃ နှစ်ကြာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု မှုဘောင်ကို ရှေ့ဆက်လုပ်ဆောင်ဖို့၊ ထားဝယ် အထူးစီးပွားရေးဇုန် အပါအ၀င် နယ်စပ်က ဖွံဖြိုးရေး စီမံကိန်းတွေကို ဆက်လုပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။ မဲဆောက်မှာလည်း ထိုင်း-မြန်မာ နယ်စပ်တံတား ဒုတိယတစင်း တည်ဆောက်ဖို့နဲ့ ဘန်ကောက် တနင်္သာရီဒေသ ဆက်သွယ်မယ့် လမ်းကိုလည်း အချိန်တိုအတွင်း လုပ်ဆောင်မယ်လို့ ပရာယွတ်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up