Home
မြန်မာသတင်း
မင်းဘူးကျောင်းသား ၂၀ ကျော်အား ရိုက်နှက်သည့် ကျောင်းအကူကို ထိန်းသိမ်း
DVB
·
June 25, 2016
မင်းဘူး (စကု) မြို့နယ်၊ သနပ်ပင်စုကျေးရွာ တွဲဘက်အလယ်တန်းကျောင်းမှာ ကျောင်းအထွေထွေလုပ်သားက ၆ တန်း ကျောင်းသူကျောင်းသား ၂၄ ဦးကို ကြမ်းတမ်းစွာဆဲဆိုပြီး ရိုက်နက်ခဲ့တာကြောင့် ကျောင်းသားမိဘတွေက စကုနယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ဖြစ်ပွားပုံမှာ ဇွန်လ ၂၃ ရက်၊ နေ့လယ် ၁၂ နာရီအချိန်မှာ ကျောင်းသားတွေ ဆူညံတဲ့အတွက် ကျောင်းဆရာမတဦးက သွားရောက်တားမြစ်ခိုင်းတာကို အကြောင်းပြပြီး ကျောင်းလုပ်သား ကိုအေးကိုက ထန်းလက်သားနဲ့ ကျောင်းသူကျောင်းသား ၂၄ ဦးစလုံးကို အငြိုးတကြီး ရိုက်နက်ခဲ့တာပါ။ ရိုက်နှက်မှုကြောင့် ကျောင်းသူတဦး စကုဆေးရုံမှာ ဆေးကုသခံယူရပြီး တင်ပါးထဲကို လက် ၂ နှစ်ဆက်ရှိတဲ့ ထန်းလက်ဆူးဝင်ခဲ့တဲ့အတွက် ခွဲစိတ်ထုတ်ပစ်ခဲ့ရပါတယ်။ အဲဒီကိစ္စကို မင်းဘူးမြို့နယ်ပညာရေးမှူးက လာရောက်စစ်ဆေးခဲ့ပေမယ့် ရွာသိက္ခာ ကျမှာ စိုးရိမ်တဲ့အတွက်ဘယ်မှ မတိုင်ဖို့ပြောဆိုခဲ့တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ ဒါကိုမကျေနပ်တဲ့အတွက် စကုနယ်မြေစခန်းမှာ ကျောင်းသားမိဘ ဦးလှမောင်က တိုင်တန်းခဲ့ပါတယ်။ စကုနယ်မြေစခန်းက (ပ)အမှတ်- ၁၈၆/ ၂၀၁၆ နဲ့ ပုဒ်မ- ၂၉၄/ ၃၂၅ နဲ့ အမှုဖွင့်ကာ ကျောင်းလုပ်သား ကိုအေးကို ကို စကုစခန်းမှာ ထိန်းသိမ်းထားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပက်သက်ပြီး မင်းဘူးစကုမြို့နယ် အမှတ်-၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က “လူ့အခွင့်အရေးရှုထောင့်ကပဲကြည့်ကြည့်၊ ကလေးသူငယ် အခွင့်အရေးရှုထောင့်ကပဲကြည့်ကြည့်၊ ၀န်ထမ်းရေးရာ စည်းမျဉ်းစည်းကမ်း ရှုထောင့်ကပဲ ကြည့်ကြည့် လုံးဝလက်သင့်ခံနိုင်စရာအကြောင်းမရှိဘူး။ ဒီလို ဒီမိုကရေစီနိုင်ငံရေးစနစ်သွားမယ့် အစိုးရလက်ထက်မှာ ဒီလိုဖြစ်စဉ်မျိုးတွေဟာ ထိထိရောက်ရောက် အရေးယူမှသာလျှင် ကျနော်တို့  လူ့အဖွဲ့အစည်းအတွက်၊ ကလေးတွေအတွက် လုံခြုံမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ဇော်ဖေ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024