အပစ်ရပ် တိုင်းရင်းသားတပ်ဖွဲ့များ၏ နိုင်ငံရေးအဖွဲ့ အစည်းအဝေး ပြုလုပ်
ရွှေအောင်
·
June 24, 2016
အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ နိုင်ငံရေးဆွေးနွေးမယ့် အဖွဲ့ EAO PPST အစည်းအဝေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့စတင်ကျင်းပပါတယ်။
၂ ရက်ကြာပြုလုပ်မယ့် အစည်းအဝေးပွဲအတွင်း နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေ အစိုးရနဲ့ တွေ့မယ့်ကိစ္စရပ်တွေ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့နဲ့တွေ့မယ့် ကိစ္စရပ်တွေကို အခုအစည်းအဝေးပွဲမှာ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုရဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။
အစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ခုတို့ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO Peace Process Steering Team -EAO PPST ကို ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။
EAO PPST အစည်းအဝေးပွဲကို ဇွန် ၂၅ ရက်မှာ ဆက်လက်ပြုလုပ်မှာဖြစ်ပြီး အစည်းအဝေးပွဲ အပြီးမှာအဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်များကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး အသိပေးထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။