နဂါးမျက်စောင်း၊ ဆင်နှာမောင်းကြားက ဒေါင်းနိုင်ငံတော်သစ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂၃ ရက်နေ့မှာ ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် လည်း တွေ့ဆုံခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလဆန်းမှာ အစိုးရသစ်ကို ဖွဲ့ပြီးတဲ့နောက် အာဆီယံနိုင်ငံတွေ အပါအ၀င် အိမ်နီးချင်းနိုင်ငံတွေအပေါ် အလေးထားမှုကို ပြသတဲ့အနေနဲ့ လာအိုနိုင်ငံကို ပထမဆုံး ခရီးထွက်ခဲ့ပါတယ်။ ဒါဟာ အစိုးရသစ်ကျင့်သုံးမယ့် နိုင်ငံသားအခြေပြု ဘက်မလိုက် နိုင်ငံခြားရေး မူဝါဒကို အကောင်အထည် ဖော်နေတာလို့ပဲ မြင်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြား သံတမန်များကို ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်မှာ တစုတဝေးတည်း လက်ခံတွေ့ဆုံရင်း မြန်မာနိုင်ငံမှာရှိနေတဲ့ စိန်ခေါ်မှုများစွာကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲရန် လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံကို အင်အားကြီးမားသည့် နိုင်ငံဖြစ်အောင် တည်ဆောက်မှာဖြစ်ပြီး အင်အားကြီးနိုင်ငံ ဖြစ်ရန် မြန်မာနိုင်ငံသားများကို အခြေပြု အားထားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရစဉ်ကစလို့ ဘက်မလိုက် ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး  လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ ရှိခဲ့တာမို့ လက်ရှိ အိမ်နီးနားချင်းများနဲ့သာမက ကမ္ဘာတ၀န်းရှိ အခြားနိုင်ငံများနဲ့ပါ ခင်မင်ရင်းနှီးလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။ ဒါဟာ ကမ္ဘာ့လူ့အဖွဲ့အစည်းကြီးအတွင်းမှာ ငြိမ်းချမ်းစွာအံဝင်ခွင်ကျ အကျိုးတူပူးပေါင်း ယှဉ်တွဲ နေထိုင်လိုစိတ် ယဉ်ကျေးတဲ့ လူသားဝါဒကို အခြေခံထားတဲ့ မိတ်ဘက်သဘောဆောင် နိုင်ငံခြားရေးမူဝါဒတရပ်ပါပဲ။ လူဦးရေအားဖြင့် သန်းပေါင်း ၁၃၀၀ ကျော်နေတဲ့ တရုတ်နိုင်ငံနဲ့ သန်းပေါင်း ၁၂၀၀ ကျော်နေတဲ့ အိန္ဒိယနိုင်ငံတို့လို ကမ္ဘာ့မဟာအင်အားကြီး နိုင်ငံနှစ်ခုကြားမှာ တည်ရှိနေပြီး လူဦးရေအရ သန်း ၅၀ ကျော်သာ ရှိနေတဲ့အပြင် ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ချွတ်ခြုံကျပြီး ဖရိုဖရဲဖြစ်နေတဲ့ တိုင်းပြည်ကို ပြန်လည်စုစည်းနေရဆဲ နိုင်ငံတနိုင်ငံအဖို့ ခိုင်မာစွာ ကျင့်သုံးအပ်တဲ့ အမြင် ရပ်တည်ချက်ဖြစ်သလို အလွန်အရေးပါတဲ့ နိုင်ငံခြားရေးမူဝါဒလည်း ဖြစ်ပါတယ်။ မင်္ဂလသုတ်တော်ထဲမှာပါတဲ့ မင်္ဂလာမည်စေတဲ့ အကြောင်းရင်းတွေထဲမှာ "ပတိရူပ ဒေသဝါသော စ" ဆိုတာ သင့်တင့်လျောက်ပတ်သောအရပ်၌ နေရခြင်းလို့ အဓိပ္ပာယ်ထွက်ပါတယ်။ ကိုယ်အခြေချနေထိုင်မယ့် အရပ်ကို ရွေးချယ်ပိုင်ခွင့်ရှိကြတဲ့ လူပုဂ္ဂိုလ်တွေအတွက် အဲ့ဒီတရားဟာ အကြွင်းမဲ့ မှန်ကန်သင့်မြတ်လှပါတယ်။ ထို့အတူပဲ၊ မိမိကြိုက်နှစ်သက်ရာအရပ်ကို ရွေးချယ်ဖို့ အခြေအနေမပေးတဲ့ လူပုဂ္ဂိုလ်တချို့နဲ့ ရွေးချယ်ခွင့်မရှိတဲ့ နှစ်ပရိစ္ဆေဒ ကြာညောင်းစွာ ဘိုးဘွားဘီဘင် သမိုင်းစဉ် အဆက်ဆက်ကတည်းက နယ်နိမိတ်မျဉ်းတား ဘောင်ခတ်စည်းခြား သတ်မှတ်ထားပြီးသား တိုင်းနိုင်ငံတွေရဲ့ တည်ရှိနေမှုမှာလည်း ကိုယ်နေထိုင်ရာ အရပ်ဒေသ၀န်းကျင်ကို သင့်တင့်လျောက်ပတ်သော အရပ်ဖြစ်အောင် မိမိရဲ့ မှန်ကန်တဲ့အမြင် ရပ်တည်ချက်နဲ့ ပုံသွင်းတည်ဆောက် ရယူနိုင်ပါတယ်။ လူလူချင်းဆက်ဆံရေးနဲ့ တိုင်းနိုင်ငံအချင်းချင်း ဆက်ဆံရေးဟာ အခြေခံအားဖြင့် တူကြပါတယ်။ လူလူချင်းဆက်ဆံရေးမှာ တွေ့တဲ့လူတိုင်းနဲ့ အဆင်မပြေဖြစ်ပြီး အမြဲတမ်း ခိုက်ရန်ဖြစ်ပွားနေတဲ့သူနဲ့ အရာရာ ကြောက်နေတတ်သူတွေဆိုတာ မကြီးပွား မတိုးတက်နိုင်သလိုဘဲ နိုင်ငံအချင်းချင်း ဆက်ဆံရေးမှာလည်း ရန်လိုတတ်တဲ့နိုင်ငံ၊ အကြောက်ကြီးပြီး ရပ်တည်ချက်မမှန်ဘဲ အောက်ကျို့ပေါင်းသင်းတတ်တဲ့ နိုင်ငံတွေဟာ ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ မပိုင်ဆိုင်နိုင်ပါဘူး။ ဒီနေရာမှာ အရေးကြီးတဲ့ အချက်တချက်က မဟာအင်အားကြီး နိုင်ငံတွေနဲ့ မိတ်ဘက်သဘောဆောင်တဲ့ နိုင်ငံခြားရေးမူဝါဒဆိုတာ ကိုယ့်တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးမရှိဘဲ အားမတန်လို့ မာန်လျှော့ရသလို အင်အားကြီးသူကို အလိုလိုက် အကြိုက်ဆောင် အောက်ကျို့ပေါင်းရတာမျိုး လုံးလုံးမဟုတ်ပါဘူး။ လူတဦးချင်းစီမှာဖြစ်ဖြစ် နိုင်ငံတနိုင်ငံဆီမှာဖြစ်ဖြစ် ဆိုးကွက်ကောင်းကွက် ဆိုတာတွေဟာ အမြဲဒွန်တွဲနေတာပါ။ အားနည်းချက် ဆိုးကွက်ကိုသာကြည့်ပြီး မကြိုက်မနှစ်သက်လို့ ရန်ဘက်ပြု နေထိုင်မယ်ဆိုရင် ငြိမ်းချမ်းမှုဆိုတာ ခံစားနိုင်မှာ မဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံရဲ့ အားနည်းချက်နဲ့ ဆိုးကွက်တွေကို ကိုယ့်နိုင်ငံအကျိုးအတွက် အခွင့်အလမ်းတရပ်ဖြစ်အောင် မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးချတတ်ဖို့ အရေးကြီးပါတယ်။ ကလိမ်ကကျစ်နည်းလမ်း သုံးတာမျိုး၊ နောက်လိုက်အောက်ကျို့ ပေါင်းတာမျိုးလည်း မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ သင့်မြတ်ရုံတင်မက နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး စံနှုန်းစံထားတွေနဲ့ အပြန်အလှန် အကျိုးတူ စီးပွားဘက်၊ မိတ်ဘက်နိုင်ငံတွေအဖြစ် အတူယှဉ်တွဲ နေထိုင်တတ်ဖို့ လိုပါတယ်။ အဲဒီလို မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးချတတ်ဖို့ဆိုတာ မိမိအိမ်နီးချင်းနိုင်ငံရဲ့ အားသာချက်၊ အားနည်းချက်၊ ဆိုးကွက် ကောင်းကွက်၊ လိုအပ်ချက်တွေကို စေ့စေ့စုံစုံသိထားဖို့ လိုရုံမက မိမိနိုင်ငံရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဆန္ဒစွဲကင်းကင်း ရှုမြင်တတ်ဖို့လိုသလို သင်ခန်းစာယူစရာ အတိတ်သမိုင်းကြောင်းတွေ၊ အရေးပါတဲ့ ပထ၀ီဝင်နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး ရာသီဥတု၊ အင်အားချိန်ခွင်ရှာထိန်းညှိမှု၊ ပြောင်းလဲလာတဲ့ ခေတ်ပြိုင်အရွေ့ စတာတွေကို ခြုံငုံနားလည်နိုင်စွမ်းရှိဖို့ လိုပါတယ်။ အရေးတကာ့ အရေးအကြီးဆုံး အချက်ကတော့ မိမိနိုင်ငံဟာ ကြံ့ခိုင်သန်စွမ်းနေဖို့ လိုပါတယ်။ နိုင်ငံတနိုင်ငံ ကြံ့ခိုင်သန်စွမ်းဖို့ဆိုတာ နိုင်ငံသူနိုင်ငံသား အများစု ကြံ့ခိုင်သန်စွမ်းမှ ဖြစ်နိုင်သလို နိုင်ငံသားအချင်းချင်း စည်းလုံးချစ်ခင် ညီညွတ်မှုရှိမှ နိုင်ငံတွင်းမှာ ငြိမ်းချမ်းသာယာမှု ရှိနေဖို့ မဖြစ်မနေ လိုပါတယ်။ မိသားစုတစုမှာ ညီအစ်ကို မောင်နှမ အရင်းတွေ တည့်တည့်ရှုရှု မနေနိုင်ဘဲ ငြင်းခုံ ခိုက်ရန်ဖြစ်ပွား သွေးကွဲနေကြရင်တော့ အိမ်နီးချင်းတွေရဲ့ စော်ကား အနိုင်ကျင့်မှုကို ခံကြရမှာပါ။ အဲဒီလိုပဲ စစ်အာဏာရှင်တွေလက်ထက် မြန်မာနိုင်ငံမှာ ပြည်ထောင်စုဘွား တိုင်းရင်းသား ညီအစ်ကိုမောင်နျမတွေ အချင်းချင်း တိုက်ခိုက်နေရတဲ့ ပြည်တွင်းစစ်မီးကြီး တောက်လောင်နေခဲ့တော့ ကချင်မြေ၊ ရှမ်းဒေသတွေမှာ တရားဥပဒေမစိုးမိုး၊ နယ်စပ်စည်းရိုးတွေ မလုံတာမို့ သယံဇာတတွေကို အိမ်နီးချင်း စည်းပျက်ကမ်းပျက် တရုတ်လူမျိုးတချို့ရဲ့ ဥပဒေ လက်တလုံးခြားသာမက နေ့ခင်းကြောင်တောင်ပါ ဗြောင်ဝင် အချောင်နှိုက်ခွင့် ရနေတာပါ။ ပြည်တွင်းစစ်ကို ငြှိမ်းနိုင်မယ်၊ အုပ်ချုပ်ပုံစနစ်မှန်မယ်၊ တိုင်းရင်းသားအားလုံး ပင်လုံစိတ်ဓာတ် အခြေခံလို့ ညီညီညွတ်ညွတ်ရှိမယ်၊ တည်တည်ကြည်ကြည်၊ မှန်မှန်ကန်ကန် နေထိုင်နိုင်မယ်ဆိုရင် ဘယ်လောက် အင်အားကြီးတဲ့ အိမ်နီးနားချင်းဖြစ်ဖြစ် မစော်ကားဝံ့ပါဘူး။ ဒါကြောင့် အရေးတကြီး ဆောင်ရွက်ရမယ့် ကိစ္စတွေထဲမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ထိပ်ဆုံးက ပါနေတာပါ။ လူဦးရေနဲ့ မြို့ပြလူမှုဘ၀တွေ ပေါက်ကွဲတိုးတက်လာနေတဲ့ တရုတ်နဂါးကြီးနဲ့ အိန္ဒိယဆင်မည်းကြီးဟာ တကမ္ဘာလုံး လူဦးရေရဲ့ ၆၇ ရာခိုင်နှုန်းတောင်ရှိတဲ့ သူတို့ ပြည်သူတွေရဲ့ ပါးစပ်ပေါက်တွေနဲ့ လူမှုဘ၀ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ စားကုန်သောက်ကုန်၊ သယံဇာတတွေနဲ့ ရနိုင်သမျှ လောင်စာစွမ်းအင်တွေကို လောဘတကြီး ရသလောက် စုပ်ယူဖို့ ဆာလောင်မွတ်သိပ်နေတဲ့ စကြ၀ဠာ တွင်းနက်ကြီးတွေနဲ့ တူပါတယ်။ အဲဒီလိုအပ်ချက်တွေရယူဖို့ သူတို့နှစ်နိုင်ငံလုံးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားနေကြတာရှိသလို ပေါ်လစီတွေ ပြောင်းလာတာ၊ ပူးပေါင်းလုပ်ဆောင်လာတာလည်း ရှိပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းတရပ်အဖြစ် ဖန်တီးယူနိုင်ပါတယ်။ မြန်မာ၊ တရုတ်၊ အိန္ဒိယနိုင်ငံတွေဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့နိုင်ငံတွေ ဖြစ်တာမို့ ရှေးပဝေသဏီကတည်းက နီးကပ်တဲ့ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ထိစပ်ကူးလူး ရောရှက်ဖူးတဲ့ သမိုင်းမှတ်တိုင် အမြောက်အမြား ရှိခဲ့ပါတယ်။ မူလဘူတ ပိုးလမ်းမ အေဒီ ၈ ရာစုလောက်မှာ ကနဦး ဗမာတွေလို့ ဆိုနိုင်တဲ့ ပျူလူမျိုးတွေ တည်ထောင်ခဲ့တဲ့ ပုဂံအင်ပါယာကြီးဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှအစပ်မှာ တည်ရှိနေတာမို့ တရုတ်၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာကတဆင့် မြေထဲပင်လယ်အစပ်နဲ့ အာဖရိကတိုက်ဆီ ဆက်သွယ်ရောက်ရှိနိုင်တဲ့ ရှေးခေတ်ပိုးလမ်းမကြီး (Silk Road) ရဲ့ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှု ဗဟိုအချက်အချာ ဒေသတခုအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ အဲ့ဒီပိုးလမ်းမကြီးနဲ့အတူ ကူးလူးစီးမျောလာတဲ့ ယဉ်ကျေးမှုတွေ၊ ကုန်စည်တွေ၊ အကျိုးအမြတ်တွေကြောင့် ပုဂံအင်ပါယာကြီးဟာ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အဘက်ဘက်က တိုးတက်လို့ လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်းလို့ အမည်တွင်ရလောက်အောင် ဧရာဝတီရဲ့ရင်ခွင်မှာ ကြီးကျယ်ခမ်းနားစွာ စည်ပင်ဝပြော ထွန်းကားခဲ့ရတာပါ။ မြန်မာနိုင်ငံတော်သမိုင်းမှာ ထင်ရှားတဲ့ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော် အင်ပါယာကြီး သုံးခုစလုံးရဲ့ သမိုင်းစာမျက်နှာ အတက်အကျ ဖြစ်ရပ်တွေမှာ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတွေနဲ့ အမြဲမပြတ် ပတ်သက်ထိတွေ့ ဆက်ဆံခဲ့ရတာပါ။ တရုတ်နိုင်ငံနဲ့ ပုလဲသွယ်ပေါ်လစီ (String of Pearls - Indian Ocean) ၁၉၈၉ ခုနှစ် ဧပြီလ ၁၅ ရက်ကနေ ဇွန်လ ၄ ရက်ထိ ဖြစ်ပွားတဲ့ တရုတ်ကျောင်းသားတွေ ဦးဆောင်ခဲ့တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို တရုတ်ကွန်မြူနစ်ပါတီ အာဏာရှင်တွေက မြို့တော်ပီကင်းမှာရှိတဲ့ တီယင်မင်ရင်ပြင်မှာ တင့်ကားတွေနဲ့ကြိတ်၊ သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်လို့ ရက်ရက်စက်စက် နှိမ်နင်းခဲ့လို့ ရာထောင်ချီတဲ့ ကျောင်းသားပြည်သူ ၀န်းရံသူတွေ သေဆုံးခဲ့ရတယ်။ အဲ့ဒီနောက် တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲ တိန့်ရှောင်ဖိန်ဟာ ဗဟိုစစ်ကော်မရှင်က အနားယူသွားခဲ့ပေမယ့် နောက်ကွယ်က ကြိုးကိုင်လို့ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ခဲ့တယ်။ ၁၉၉၂ ခုနှစ်မှာ တိန့်ရှောင်ဖိန်ဟာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ တရုတ်ပြည် ခေတ်သစ်ဆိုရှယ်လစ်စနစ် China's economic reforms and China's socialist modernization" ကို ပုံဖော်ခဲ့တယ်။ ကျောင်းသားတွေကို သတ်ဖြတ်ခဲ့လို့ တကမ္ဘာလုံးက ဒီမိုကရေစီ နိုင်ငံတကာ မိသားစုတွေ ၀ိုင်းဝန်းပြစ်တင်ရှုတ်ချလို့ စီးပွားရေးပိတ်ဆို့နေတဲ့ကြားက တရုတ်နိုင်ငံရဲ့ အလွန်ကြီးမားတဲ့ ပမာဏရှိတဲ့ ပြည်တွင်းဈေးကွက် ရှိနေတာရယ်၊ လုပ်အားခချိုသာတဲ့ လုပ်သားတွေ ပြည်တွင်းမှာ လုံလောက်နေတာရယ်၊ ဒီမိုကရေစီရန်ဘက် စစ်အာဏာရှင်နိုင်ငံတွေ၊ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံများစွာနဲ့ ကုန်သွယ်လုပ်ကိုင်နိုင်တဲ့ ဈေးကွက်စီးပွားရေးစနစ် အထောက်အကူတွေရလို့ တရုတ်စီးပွားရေးဟာ တဟုန်ထိုး တက်လာခဲ့တယ်။ ၂၀၀၅ ခုနှစ်လောက်က သက်တမ်းအားဖြင့် နှစ်တရာကျော်နေတဲ့ အမေရိကန်အခြေစိုက် အတိုင်ပင်ခံကုမ္ပဏီတခုဖြစ်တဲ့ ဘုဇ် အဲလ်လန် ဟမ်မီလ်တန် (Booz Allen Hamilton) က ထုတ်ပြန်ခဲ့တဲ့ တရုတ်နိုင်ငံက အိန္ဒိယသမုဒ္ဒရာ စိုးမိုးရေးအတွက် ပြည်မကြီးကနေ အာဖရိကတိုက်က ဆူဒန်ဆိပ်ကမ်းအရောက် အိန္ဒိယသမုဒ္ဒရာတလျှောက် ရည်ရွယ်ချဲ့ထွင်လာနိုင်တဲ့ ပင်လယ်ရေတပ်စစ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ပူးတွဲရည်မှန်းချက် သီအိုရီ ခန့်မှန်းချက်ကို ပုလဲသွယ်ပေါ်လစီလို့ လူသိများခဲ့ပါတယ်။ အဲ့ဒီခန့်မှန်းချက်ဟာ ပထ၀ီနိုင်ငံရေးအပေါ် အခြေခံတွက်ချက်ထားတာမို့ ဖြစ်နိုင်ခြေရှိတဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ စီမံကိန်းတရပ်လို့ သုံးသပ်ခဲ့ကြတာပါ။ နှစ်ဆယ့်တစ်ရာစု ခေတ်သစ်ရေကြောင်းပိုးလမ်းမ စီးပွားကုန်သွယ်ခါးပတ် (21st Century Maritime Silk Route Economic Belt) ၂ဝ၁၃ ခုနှစ် အောက်တိုဘာလထဲမှာ အင်ဒိုနီးရှားပါလီမန်မှာ မိန့်ခွန်းပြောကြားရင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် အဆိုပြုခဲ့တဲ့ နှစ်ဆယ့်တစ်ရာစု ခေတ်သစ်ရေကြောင်းပိုးလမ်းမ စီမံချက်ဆိုတာ  ရှေးယခင်က ရှိခဲ့ဖူးတဲ့ သမိုင်းဝင် ရေကြောင်းပိုးလမ်းမကို ပြန်လည်အသက်သွင်းရင်း စီးပွားကုန်သွယ်မှုနဲ့အတူ စစ်ရေးလက်ဦးမှု စိုမိုးမှု ရယူလိုတဲ့ ရည်မှန်းချက်တွေ ပါဝင်တဲ့ ဒေသခါးပတ်၊ လမ်းကြောင်းတရပ် (One Belt, One Road) မဟာဗျူဟာစီမံကိန်း တခုပါပဲ။ အဲ့ဒီဗျူဟာမြောက်စီမံကိန်းမှာ အဓိက အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။ ပထမပိုင်းက ကုန်းကြောင်း ကုန်သွယ်ရေး ပိုးလမ်းမ The land-based "Silk Road Economic Belt" (SREB) နဲ့ ဒုတိယပိုင်းကတော့ ရေကြောင်းကုန်သွယ်ရေးပိုးလမ်းမ The oceangoing "Maritime Silk Road" (MSR) တို့ပါပဲ။ တရုတ်ပြည်မကြီးကနေ တောင်တရုတ်ပင်လယ်၊ တောင်ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာ စတဲ့ ပင်လယ်သမုဒ္ဒရာ ကျွန်းနိုင်ငံတွေ၊ အရှေ့တောင်အာရှဒေသ နိုင်ငံတွေ၊ တောင်အာရှနိုင်ငံတွေ၊ အာရပ်ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေ အရှေ့အာဖရိကနိုင်ငံတွေ၊ မြေထဲပင်လယ်နိုင်ငံတွေအထိ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားရင်း တရုတ်နိုင်ငံကို ကမ္ဘာ့အင်အားချိန်ခွင်လျှာ ထိန်းညှိမှုမှာ အရေးပါတဲ့ နေရာတခု ပိုင်ပိုင်နိုင်ရစေမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်ဝါဒ (India’s Look East policy) ရှစ်လေးလုံး အရေးတော်ပုံကြီးကို ပြည်သူတွေဆန္ဒကို ဆန့်ကျင်လို့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် နှိမ်နင်းပြီး မြန်မာစစ်အာဏာရှင်တွေက အာဏာသိမ်းယူပြီးစ အစောပိုင်းကာလတွေမှာတော့ အိန္ဒိယနိုင်ငံဟာ မြန်မာပြည်သူတွေဘက်က ရပ်တည်ခဲ့ပါသေးတယ်။ ထွက်ပြေးတိမ်းရှောင်လာရတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ ကျောင်းသားတွေကို ကူညီထောက်ပံ့မှုတွေ ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း စီးပွားရေး တဟုန်ထိုး တက်လာတာနဲ့အမျှ အာရှ-ပစိဖိတ်ဒေသ နယ်မြေတွင်းမှာ နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေးကဏ္ဍတွေမှာ သြဇာတက်လာတဲ့ တရုတ်နဂါးကြီးရန်ကို စိုးရိမ်လာတဲ့ အိန္ဒိယနိုင်ငံဟာ အရင်က အာရုံမစိုက်ခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံတွေ၊ တောင်အာရှနိုင်ငံတွေနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ၁၉၉၁ ခုနှစ်မှာ အိန္ဒိယ၀န်ကြီးချုပ် နာရာဆင်ဟာရောင်း (Prime Minister P.V. Narasimha Rao) လက်ထက်ကစလို့ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်ဝါဒ (Look East policy) ကို ပြောင်းလဲကျင့်သုံးခဲ့တယ်။ ၈၈ စစ်အာဏာသိမ်း န၀တ၊ နအဖ အစိုးရနဲ့ စီးပွားရေး၊ စစ်ရေး ပူးပေါင်းမှုတွေနဲ့ ပြန်လည်ဆက်ဆံမှုတွေပြုရင်း မြန်မာ့ဒီမိုကရေစီအရေး ကိစ္စတွေအပေါ် သွေးအေးသွားခဲ့တယ်။ ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် သယံဇာတနဲ့ စွမ်းအင်တွေ အလွန်အမင်း ဆာလောင်ငတ်မွတ်နေလို့ အာသီသပြင်းပြနေတဲ့ တရုတ်နဂါးကြီးကလည်း မြန်မာနိုင်ငံအပေါ် အစာမာန်မျက်စောင်းတခဲခဲ ဖြစ်နေသလို အိန္ဒိယဆင်မည်းကြီးကလည်း သူ့နှာမောင်းကြီးနဲ့ တဆွဲဆွဲလုပ်နေတဲ့ မျက်မှောက်အချိန်ခါသမယဟာ မြန်မာပြည်သူတွေရဲ့ ထက်သန်တဲ့ ဆန္ဒအားနဲ့ ဒီမိုကရေစီ ဒေါင်းနိုင်ငံတော်သစ်ကို မွေးဖွားလာစအချိန် ဖြစ်ပါတယ်။ စူပါပါဝါ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံကြားမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံတော်ဟာ မှန်ကန်တဲ့ နိုင်ငံခြားရေးမူဝါဒ၊ ညီညွတ်တဲ့ ပြည်သူလူထုအားကို အခြေပြုခြင်းကသာ အဲ့ဒီအင်အားကြီးနိုင်ငံတွေရဲ့ လိုအပ်ချက်၊ အားနည်းချက်၊ စီးပွားရေးနဲ့ အတတ်ပညာခွန်အား အရှိန်အဟုန်တွေကို နိုင်ငံရေးသိက္ခာရှိရှိ တည်တည်တံ့တံ့ ရပ်တည်ချက်တွေနဲ့ ကိုယ့်နိုင်ငံအတွက် အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲလို့ အကျိုးရှိနိုင်စေရာ တခုတည်းသော အကြောင်းတရား ဖြစ်ပါကြောင်း မီးမောင်းထိုးလိုက်ပါတယ်။ မင်းကောင်းချစ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up