A d v e r t i s e m e n t With Us

ဓားဖြင့်အထိုးခံရသည့် လွှတ်တော်အမတ်ယောက္ခမ စိုးရိမ်စရာမရှိဟု မိသားစုဝင်ပြော

ဓားနဲ့ ၃ ချက် အထိုးခံခဲ့ရတဲ့ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဘိုဘိုဦး ယောက္ခမဖြစ်သူဟာ ဒီနေ့မနက်က ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်ကုသခဲ့ပြီး စိုးရိမ်စရာမရှိတော့ဘူးလို့ မိသားစုဝင်က ပြောပါတယ်။ ဇွန်လ ၂၄ ရက်နေ့ မနက် ၂ နာရီဝန်းကျင်က နေအိမ်ကိုဖောက်ထွင်းဝင်ရောက်သူက အသက် ၇၃ နှစ်အရွယ် ဒေါ်ခင်သန်းနွဲ့ကို ဓားနဲ့ ၃ ချက်ထိုးခဲ့တာပါ။ အခင်းဖြစ်ပွားချိန်မှာ ဒေါ်ခင်သန်းနွဲ့ရဲ့ ခင်ပွန်းနဲ့ သားတို့ရှိနေပြီး ဒေါ်ခင်သန်းနွဲ့ကတော့ နေအိမ်အပေါ်ထပ်မှာ ရှိနေခဲ့ပါတယ်။ “လူရိပ်မြင်လိုက်လို့ အဘွားက သားလားဆိုပြီး ခြင်ထောင်မပြီး ထလာတာ၊ အဲအချိန်မှာ အဘွားကလည်း လက်ဆွဲမိ၊ သူခိုးကလည်း လက်ဆွဲမိပြီး အဘွားခေါင်းကိုဖိချပြီး ကျောကိုဓားနဲ့ ထိုးတာ။ ပြီးတော့ အဘိုးနဲ့ဦးလေးတို့ ထလာတော့ ထွက်ပြေးသွားကြတယ်။ ခြင်ထောင် အပြင်ဘက်ကနေထိုးတာ၊ ခြင်ထောင်တွေပါ ပေါက်ပြဲပြီး မနက်အထိ အဘွားကုတင်တဝိုက် သွေးတွေအိုင်နေတယ်” လို့ မြေးဖြစ်သူ ကိုထူးမြတ်နိုင်က ဒီဗွီဘီကို ရှင်းပြပါတယ်။ အသက် ၇၃ နှစ်အရွယ် ဒေါ်ခင်သန်းနွဲ့ရဲ့ ကုတ်ပိုး၊ ပုခုံးသားနဲ့ လက်ပြင်တို့ကို ထိုးမိခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျူးကျော်ခံရသူရဲ့ သမက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး စမ်းချောင်းမြို့မ ရဲစခန်းက တာဝန်ရှိသူတွေနဲ့ မနက် ၁၁ နာရီ ဝန်းကျင်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။ ဦးဘိုဘိုဦးက “ရဲတပ်ဖွဲ့ကလည်း လိုအပ်တဲ့စုံစမ်းမှုတွေ လုပ်နေပါတယ်။ အမှုမှန် ပေါ်ပေါက်နိုင်ဖို့ လာရောက်ပူးပေါင်းဆောင်ရွက်တာပါ။ ကျနော် ရန်ကုန်ရောက်ရောက်ချင်းပဲ အမေ့(ယောက္ခမ)ကို သွားကြည့်ပြီးပါပြီ။ ကျန်းမာနေပါတယ်။ မစိုးရိမ်ရတော့ပါဘူး”လို့ ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ စမ်းချောင်းမြို့နယ်ရဲစခန်းက သားဖြစ်သူ ဦးမိုးမင်းရဲ့ တိုင်ကြားချက်အရ ရာဇသတ်ကြီးပုဒ်မ ၄၅၉ နဲ့ အမှုဖွင့်ထားပြီး တရားခံဖမ်းမိရေး တခြားမြို့နယ်၊ တိုင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တာဝန်ကျရဲအရာရှိတဦးက ပြောပါတယ်။ (ဓာတ်ပုံ - အာကာ)

A d v e r t i s e m e n t With Us

More News
Up