A d v e r t i s e m e n t With Us

သွေးလွန်တုပ်ကွေး ဖြစ်ပွားနေသည့် ဟင်္သာတတွင် ကိုယ်ထူကိုယ်ထ ကာကွယ်မှုလုပ်

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ခြင်ဆေးဖျန်းနေစဉ်။
ဟင်္သာတမြို့နယ်ထဲမှာ သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားနေပြီး မြို့လူထုက ကြိုတင်ကာကွယ်မှုကို ကိုယ်ထူကိုယ်ထ လုပ်ကိုင်နေကြပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ထဲမှာ အခုရက်ပိုင်းကစတင်ပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေ စတင်လာခဲ့ပြီး မြို့ခံတွေအနေနဲ့ ရပ်ကွက်အလိုက် ခြင်ဆေးဖျန်းတာတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ “တနေ့လုံးဆိုရင် ဆီ ဆယ်ဂါလံလောက် ကုန်တယ်ပေါ့။ အိမ်တွေကနေပြီးတော့ တချို့အိမ်တွေကလည်း ငါးရာထည့်တယ်၊ တထောင်ထည့်တယ်။ အလှူငွေလေးတွေနဲ့ ၀ိုင်းပြီးတော့ ပံ့ပိုးကြပြီး လုပ်ကြပါတယ်” လို့ ဟင်္သာတမြို့၊ မြ၀တီရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုစိုးမင်းထွန်းက ပြောပါတယ်။ ဒီနှစ်မှာ သွေးလွန်တုပ်ကွေးကြောင့် သုံးပင်ကွင်းနဲ့ ပျဉ်းမချောင်းရပ်ကွက်တွေက ဆေးရုံတက်လူနာတွေ ရောက်ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာတော့ လူဦးရေများတဲ့ တာကလေးရပ်ကွက်နဲ့ ကနောင်စုရပ်ကွက်က ရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်ခဲ့ပါတယ်။ ဟင်္သာတဆေးရုံ၊ ငှက်ဖျားတိုက်ဖျက်ရေးဌာန၊ ငှားဖျားကြီးကြပ်သူ ကိုကျော်မျိုးသန့်က “ကေ့စ်က အခုမှ စတက်လာတယ်ပေါ့။ ကျနော်တို့ဆီမှာ ကေ့စ်က အားလုံးပေါင်း ၁၂ ယောက်ရှိပြီ၊ ဆေးရုံတက်တာ။ ကျနော်တို့ ဟင်္သာတမြို့နယ်က ၇ ယောက်ပဲ ရှိသေးတယ်။ ကျန်တာက အခြားမြို့နယ်တွေ။ အခု ကေ့စ်ထွက်တဲ့နေရာတွေကိုလည်း ကျနော်တို့ ဆင်းပြီးတော့ လုပ်ငန်းဆောင်ရွက်တယ်။” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မိုးရာသီကာလက ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးမှာ သွေးလွန်တုပ်ကွေးကြောင့် ကလေးငယ်ပေါင်း ၂၃၀၀ ကျော် ဆေးရုံတက်ရောက် ကုသမှု ခံယူခဲ့ရပြီး ၆ ဦး သေဆုံးခဲ့ပါတယ်။ အခုအခါမှာ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များတဲ့ရာသီ စတင်နေပြီဖြစ်လို့ မြို့ခံတွေအနေနဲ့ ကိုယ်ထူကိုယ်ထ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။ သတင်း - စိုးရ

A d v e r t i s e m e n t With Us

More News
Up