ဂျာမနီရုပ်ရှင်ရုံ ၀င်ပစ်ပြီး ဓားစာခံအချို့ဖမ်းဆီးသူကို အသေပစ်သတ် (ရုပ်သံ)

မျက်နှာဖုံး စွပ်ထားတဲ့ သေနတ်သမားတဦးက ဂျာမနီ ရုပ်ရှင်ရုံကို ၀င်ရောက် ပစ်ခတ်ခဲ့သလို ဓားစာခံတချို့ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ဇွန် ၂၃ ရက် နေလယ်ပိုင်းက ဂျာမနီအနောက်ပိုင်း ဖရန့်ဖွတ် အနီးက ဗီရွန်းမှာရှိတဲ့ ရုပ်ရှင်ရုံကို ရိုင်ဖယ်ကိုင်ဆောင်ထားတဲ့ သေနတ်သမားက ၀င်ရောက် ပစ်ခတ်ခဲ့တာလို့ ပြည်ထဲရေး ၀န်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘီဘီစီသတင်းမှာ ရေးပါတယ်။
တဦးတယောက်မှ ဒဏ်ရာမရဘူးလို့လည်း သူကအတည်ပြုပါတယ်။ ဒါပေမယ့် ရုပ်ရှင်ရုံကို ၀င်စီးနင်းစဉ် ရဲတပ်ဖွဲ့ရဲ့ မျက်ရည်ယိုဗုံးကြောင့် လူတချို့ ထိခိုက်မှု ရှိတယ်လို့ ဆိုပါတယ်။
အစောပိုင်းသတင်းတွေမှာတော့ လူ ၂၅ ဦးကနေ ၅၀ အထိ ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။
သေနတ်သံ ၄ ချက် ကြားရတဲ့ အစီရင်ခံစာကို ရဲတွေက ဆိုပါတယ်။ နောက်ပိုင်းမှာတော့ သေနတ်သမားကို ရဲတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ပါတယ်။
ဓားစာခံအဖြစ် ဖမ်းဆီးခံရသူတဦးကတော့ အိမ်သာနားမှာ သေနတ်သမားက သူတို့ကို အသက်ရှင်ချင်ရင် ၀ပ်ထားဖို့ ပြောဆိုခဲ့ပြီး ဓားစာခံ ၁၇ ဦးလောက်ရှိတယ်လို့ ဗြိတိန် ဂါးဒီးယန်း သတင်းစာကရေးပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်ကို လုံခြုံရေး တပ်ဖွဲ့တွေက လျော့ချဖို့ ကြိုးစားနေတယ်လို့ ဂျာမနီသတင်းတွေမှာ ဖော်ပြပါတယ်။
နိုင်ငံရေးနဲ့ အယူဝါဒရေးရာကြောင့် လုပ်ဆောင်တာလား၊ ဓားပြတိုက်ဖို့ ကြိုးစားတာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ ဆိုပါတယ်။