တရုတ်အရှေ့ပိုင်း အားပြင်း လေဆင်နှာမောင်းကြောင့် ဓာတုပစ္စည်းယိုစိမ့် (ရုပ်သံ)

994
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်စုပြည်နယ်မှာ ဇွန် ၂၃ ရက်က ပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေစွမ်းအင်သုံး စက်ရုံတရုံရဲ့ အလုပ်ခန်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့အပြီး ဘေးသင့် ဓာတုပစ္စည်း ယိုစိမ့်မှုတွေ ရှိခဲ့ပါတယ်။
ဆိုလာဆဲလ်တွေအတွက် အမိုးနီးယားအရည်တွေ ယိုစိမ့်ခဲ့တာဖြစ်ပြီး အခုတော့ ယိုစိမ့်မှုကို ထိန်းချုပ်နိုင်ပြီလို့ တရုတ်မီဒီယာတွေက အစီရင်ခံပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှုတွေအရ ညွှန်းကိန်းတွေအားလုံး ပုံမှန်ပြန်ဖြစ်ပြီလို့ ဆိုပါတယ်။
မီးသတ်သမားတွေက မိနစ် ၃၀ တိုင်းမှာ ကင်းလှည့် စောင့်ကြပ်နေကြပါတယ်။
လေဆင်နှာမောင်းက မြို့ကို ဖြတ်သန်းတိုက်ခတ်အပြီး အလုပ်ရုံ ၂ ရုံ ပြိုကျခဲ့လို့ ဓာတုယိုစိမ့်မှု ဖြစ်ခဲ့တာပါ။
အလုပ်သမား ၂ ဦး သေဆုံးပြီး အလုပ်သမား ၇ ဦးနဲ့ တခြားလူ အယောက် ၃၀၀ ကိုလည်း ဘေးကင်းရာ ရွှေ့ပေးခဲ့ရပါတယ်။
၁၉၆၆ ခုနှစ်ကနေ အခုထိ အဆိုးဆုံး လေဆင်နှာမောင်းကြောင့် ရန်ချောင်မြို့ အစိတ်အပိုင်းတွေမှာ လူ ၇၈ ဦး သေဆုံးပြီး အယောက် ၅၀၀ လောက် ဒဏ်ရာရပါတယ်။
အိမ်တွေပျက်စီးပြီး ရာနဲ့ချီတဲ့ ရွာသားတွေ အပျက်အစီးတွေအောက်မှာ ပိတ်မိနေခဲ့ပါတယ်။
လေတိုက်နှုန်း တနာရီ ၁၂၅ မိုင်ရှိတဲ့ လေဆင်နှာမောင်းကြောင့် ဖူနင်းမြို့ စီရင်စုအတွင်း မြို့နယ်အတော်များများ ထောင်းထောင်းကြေ ပျက်စီးခဲ့ပါတယ်။
အရပ်ဘက်ရေးရာ ဒု-ဝန်ကြီးခေါင်းဆောင်တဲ့ အစိုးရကောင်စီအဖွဲ့က ကပ်ဘေးသက်သာရေးအနေနဲ့ တဲအလုံး ၁၀၀၀ ကျော်၊ ခေါက်အိပ်ယာ ၂၀၀၀ ကျော်နဲ့အတူ ရောက်လာခဲ့ပါတယ်။
ဒေသန္တရ မိုးလေဝသ မှတ်တမ်းတွေအရ ကျန်စုပြည်နယ်မှာ နှစ်ငါးဆယ်အတွင်း လေဆင်နှာမောင်း အကြိမ် ၁၀၇၀ တိုက်ခတ်ခဲ့ပြီး ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေက လေဆင်နှာမောင်း အဖြစ်အများဆုံးလတွေ ဖြစ်ပါတယ်။