မိုးရေထဲက မြန်မာနိုင်ငံသားများကို မတွေ့ရသဖြင့် ဒေါ်စု တောင်းပန်



















1.1K
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန် ၂၃ ရက်က ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ မိုးရေထဲ စောင့်ဆိုင်းနေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံနှုတ်ဆက်ခွင့် မရခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောပါတယ်။
“သူက တွေ့ဆုံခွင့် အဆင်မပြေ ဖြစ်ခဲ့ရသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲများ အားလုံးကို သိရှိထားသည်ကို အမှာစကား ပါးပေးစေလိုကြောင်း ပြောတယ်” လို့ အတိုင်ပင်ခံရုံးအင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ခန်းမတွင်း ဝင်ခွင့်မရလို့ ပြင်ပမှာ စောင့်ဆိုင်းနေကြတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို မိန့်ခွန်း ပြောကြားဖို့ ညှိနှိုင်းစီစဉ်ခဲ့ပေမယ့် မိုးသည်းထန်စွာရွာသွန်းလာမှုကြောင့် ခန်းမအပြင်ဘက်ရှိ ထိုင်းရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံ မိန့်ခွန်းပြောကြားဖို့ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ခန်းမနေရာသို့ ရောက်လျှင်ရောက်ချင်း "အမေစု ကျန်းမာပါစေ" လို့ အော်ဟစ် နှုတ်ဆက်နေကြတဲ့ လူအုပ်ကြီးအကြောင်း မေးမြန်းခဲ့တယ်လို့လည်း အတိုင်ပင်ခံရုံးသတင်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ် လုံခြုံရေး၊ ချေမွေ့စေရေးအတွက် ထိုင်းအစိုးရ တာဝန်ရှိသူတွေရဲ့ စီစဉ်ဆောင်ရွက်ပေးမှုတွေကို ထိုင်းရောက် မြန်မာနိုင်ငံသားတွေ နားလည်သည်းခံပေးကြပါလို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - အေးနိုင်