အိန္ဒိယက ဂြိုဟ်တုအလုံး ၂၀ ကို ဒုံးပျံတစင်းထဲတွင် ထည့်သွင်းပစ်လွှတ်မှု အောင်မြင် (ရုပ်သံ)

958
အိန္ဒိယနိုင်ငံရဲ့ အာကာသနဲ့ ဂြိုဟ်တုလွှတ်တင်ရေး အစီအစဉ်နဲ့ ဂြိုဟ်တုအလုံး ၂၀ ကို ဒုံးပျံတစင်းထဲမှာ ဇွန်လ ၂၂ ရက်က ပထမဆုံး အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။
နိုင်ငံအရှေ့ပိုင်း အင်ဒရာ ပရာဒေခ်ျ့ (Andhra Pradesh) ပြည်နယ်အတွင်းက ဆရီဟာရီကိုတာ (Sriharikota) အာကာသစခန်းက လွှတ်တင်ခဲ့တာပါ။
အိန္ဒိယနိုင်ငံရဲ့ ဂြိုဟ်တုလွှတ်တင်မှုသမိုင်းမှာ ဒုံးပျံတစင်းတည်းနဲ့ ဂြိုဟ်တုအများဆုံး လွှတ်တင်နိုင်မှုဖြစ်ပြီး အမေရိကန်၊ ကနေဒါ၊ ဂျာမနီနဲ့ အင်ဒိုနီးရှားနိုင်ငံက ဂြိုဟ်တုတွေကို သယ်ဆောင်သွားတာပါ။
ဖွံ့ဖြိုးဆဲနိုင်ငံတခုဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ဒီအောင်မြင်မှုနဲ့ နိုင်ငံတကာ အာကာသအဆင့်ကို အင်အားကြီးနိုင်ငံတခုအဖြစ် ၀င်ရောက်လာတာဖြစ်တယ်လို့ အာကာသနည်းပညာ အကဲခတ်တွေနဲ့ ကျွမ်းကျင်သူတွေက ပြောဆိုပါတယ်။
အခုလို ဒုံးပျံတစင်းတည်းမှာ ဂြိုဟ်တုအများအပြား တပ်ဆင်ပြီး လွှတ်တင်မှုကို ရုရှားနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ကပဲ လွှတ်တင်နိုင်ခဲ့ကြတာပါ။
ရုရှားနိုင်ငံက ၂၀၁၄ ခုနှစ်မှာ ဂြိုဟ်တု ၃၇ လုံး၊ အမေရိကန် အာကာသအေဂျင်စီက ၂၉ လုံး တွဲပြီး လွှတ်တင်ခဲ့ဖူးပါတယ်။
အခုလွှတ်တင်လိုက်တဲ့ ဂြိုဟ်တုတွေထဲမှာ အိန္ဒိယနိုင်ငံရဲ့ နည်းပညာနဲ့ ပညာရေးဆိုင်ရာ ဂြိုဟ်တု ၃ လုံးနဲ့ Google နည်းပညာကုမ္ပဏီ အပါအ၀င် အမေရိကန်နဲ့ တခြားနိုင်ငံတွေက ဂြိုဟ်တု ၁၇ လုံး သယ်ဆောင်သွားပါတယ်။