Home
မြန်မာသတင်း
ရှုပ်ထွေးနေသည့် လျှပ်စစ်ကြိုး ရှင်းလင်းရေး စီမံချက် ဒလမြို့နယ်တွင် စတင်ဆောင်ရွက်
အာကာ
·
June 23, 2016
ရန်ကုန် ၄ ခရိုင်က ၄ မြို့နယ် ရွေးပြီး လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက်  ရှုပ်ထွေးဆားဗစ် ရှင်းလင်းခြင်း စီမံချက်ကို တောင်ပိုင်းခရိုင်ထဲက ဒလမြို့နယ်မှာ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ရှုပ်ထွေးနေတဲ့ လျှပ်စစ်ကြိုးတွေ ရှင်းလင်းတဲ့ စီမံချက်ကို ရန်ကုန်တောင်ပိုင်းခရိုင်ထဲက ဒလမြို့နယ်မှာ  ဇွန်လ ၂၁ ရက်နေ့က  စတင်လုပ်ဆောင်နေတာပါ။ ဒီစီမံချက်ကို  အများပြည်သူ လျှပ်စစ်အန္တရာယ် ကင်းဝေးအောင် လုပ်ဆောင်ပေးတာလည်း ဖြစ်ပါတယ်။ ရန်ကုန်တောင်ပိုင်းခရိုင် ခရိုင်လျှပ်စစ်မန်နေဂျာ ဦးစံထွန်းအောင်က “ရှုပ်ထွေးဆားဗစ် ဆိုတာကတော့ ကျနော်တို့ ဓာတ်အားလိုင်းရဲ့ တိုင်တတိုင်ထဲမှာ မီးသုံးတဲ့ ပြည်သူတွေရဲ့ ဆားဗစ်ကြိုးတွေပေါ့။ ဆားဗစ်ကြိုးတွေက အနည်းဆုံး တိုင်တတိုင်မှာ အချောင်း သုံးဆယ်၊ လေးဆယ် အဲဒီလိုတွေဖြစ်ပြီးတော့ ကျနော်တို့က လမ်းတလျှောက်မှာ မြင်တွေ့ရတဲ့အတိုင်းပဲ အထုပ်လိုက်ကြီးတွေ ဒေါက်တွေနဲ့ ထောက်ပြီးတော့ ၀င်သွားတဲ့ အနေအထားကို ရှုပ်ထွေးဆားဗစ်လို့ ကျနော်တို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ရှုပ်ထွေးဆားဗစ်တွေဟာ ရှင်းလင်းသင့်တဲ့ အတွက်ကြောင့် ကျနော်တို့က ဒါကို ဦးစားပေး လုပ်ငန်းတရပ်အနေနဲ့ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဆိုပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ စီမံချက်အရ ဒလမြို့နယ်က ရှုပ်ထွေးနေတဲ့ လျှပ်စစ်ကြိုးတွေ အဆိုးဆုံးဖြစ်နေတဲ့ ရပ်ကွက် ၇ ခုမှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒလမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်မိုးကလည်း “ဒီလိုမျိုး ရှုပ်ထွေးဆားဗစ်တွေကြောင့် ဆားဗစ်ကြိုးတွေက နိမ့်ကျနေမယ်ဆိုရင် ရပ်ကွက်နေပြည်သူတွေ လမ်းသွားလမ်းလာရင်းနဲ့ အန္တရာယ်ရှိနိုင်တယ်။ နောက်တခါ ကျောင်းသားတွေ၊ ကလေးတွေ ဒီဟာတွေကို ထိမိရင် တကယ်လို့ ဆားဗစ်ကြိုးရဲ့ ၀န်ထမ်းကြိုးလို့ခေါ်တဲ့ ဂျီအိုင်ကြိုးပေါ်မှာ ဓာတ်အားတွေ စီးဝင်နေမယ်ဆိုရင် ကလေးတွေအတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့်မို့လို့ နောက်တခါ ရပ်ကွက်လမ်းတွေမှာ မျက်စိပသာဒအရလည်း ဒီဟာတွေရှိနေရင် မြင်လို့ရှုလို့ မကောင်းပါဘူး။ ဒါကြောင့်မို့ ဒီဟာတွေကို ကျနော်က လုပ်ချင်နေခဲ့တာ ကြာပါပြီ။ စီမံချက်အရ ချတယ်ဆိုတော့ ကျနော် ဒီဟာကို အားကြိုးမာန်တက်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ရှုပ်ထွေးနေတဲ့ လျှပ်စစ်ကြိုးတွေ ရှင်းလင်းတာတွေကို တခြားခရိုင် ၃ ခုက မြို့နယ်တွေမှာလည်း လုပ်ဆောင်သွားမှာပါ။ “အရင်တုန်းကဆိုရင် တော်တော်ကို စိုးရိမ်ရတယ်လေ။ တိုင်တွေကလည်းမကောင်း၊ တိုင်တွေကလည်း ယိုင်ပြီးတော့လေ။ မိုးလေပြင်းလာရင် ပိုကြောက်ရတယ်။ ဟိုတနှစ်ကမှ တိုင်တလုံး စုပြီးတော့ ထည့်ထားရသေးတယ်။ အခုလည်း နောက်တိုင်တွေကို ထည့်ဖို့ ပိုက်ဆံစုဆောင်းနေရတယ်။ အခုကတော့ မစုရတော့ဘူးပေါ့၊ အန္တရာယ်လည်း ကင်းသွားတယ်။ လူနဲ့လည်း တော်တော်လွတ်သွားတယ်လေ။ တော်တော်လေးကို စိတ်ချမ်းသာရပါတယ်” လို့ ဒလမြို့နယ် အောင်မင်္ဂလာရပ်ကွက်နေ ဦးလှခိုင်က ပြောပါတယ်။ ဒလမြို့နယ်မှာ ဆောင်ရွက်နေတဲ့ ရှုပ်ထွေးနေတဲ့ လျှပ်စစ်ကြိုးတွေ ရှင်းလင်းတဲ့  လုပ်ငန်းစဉ်ကို ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊ ကွမ်းခြံကုန်းနဲ့ တွံတေးမြို့နယ်တွေက  မြို့နယ်လျှပ်စစ် အင်ဂျင်နီယာအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024