အိုလံပစ်မီးရှူးတိုင် အခမ်းအနားတွင် ခေါ်ယူပြသခဲ့သည့် ကျားသစ်ကို ပစ်သတ် (ရုပ်သံ)
လာမယ့်သြဂုတ်လ ဘရာဇီးအိုလံပစ် အားကစားပြိုင်ပွဲအတွက် မီးရှူးတိုင်သယ်ယူရေး အခမ်းအနားတခုမှာ ကျားသစ်တကောင်ကို ခေါ်ယူပြသခဲ့ပြီး အခမ်းအနားအပြီး လုံခြုံရေးအာဏာပိုင်တွေက ပစ်သတ်လိုက်ရပါတယ်။
အခမ်းအနားအပြီး အဲဒီ ကျားသစ်ကိုချည်ထားတဲ့ကြိုး လွတ်သွားပြီး အနီးက တပ်ဖွဲ့ဝင်တဦးကို တိုက်ခိုက်ခဲ့လို့ ပစ်သတ်ခဲ့ရကြောင်း ဆိုပါတယ်။
မေ့ဆေးသေနတ်နဲ့ ၄ ချက်ပစ်ပြီး ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်လို့ ပစ္စတိုသေနတ်ထုတ် ပစ်သတ်ခဲ့ရတယ်လို့ မားနတ်စ် (Manaus) မြို့ အာဏာပိုင်တွေက ပြောပါတယ်။
အိုလံပစ်မီးရှူးတိုင်သယ်ယူရေး အခမ်းအနား စီစဉ်သူတွေက ဒီသားရိုင်းတိရစ္ဆာန်တကောင်ကို ဒီအခမ်းအနားမှာ ထည့်သုံးမိတာ မှားသွားတယ်လို့ ပြောပါတယ်။
တိရစ္ဆာန်အခွင့်အရေး ကာကွယ်လှုပ်ရှားသူတွေကတော့ အခုလို အမေဇုန်ကျားသစ် ပစ်သတ်ခဲ့တဲ့ကိစ္စကို ပြစ်တင်ရှုတ်ချကြပြီး ဒီကျားသစ်တကောင်ကို အိုလံပစ်မီးရှူးတိုင် အခမ်းအနားတခုမှာ ဘာကြောင့်ခေါ်သုံးရလဲဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။