အိုင်အက်စ်သိမ်းပိုက်ထားသည့် ဆိပ်ကမ်းမြို့ကို လစ်ဗျားညွန့်ပေါင်းတပ် ပြန်တိုက်ခိုက် (ရုပ်သံ)

လစ်ဗျားနိုင်ငံမှာ အိုင်အက်စ်အကြမ်းဖက်တွေ ခြေကုပ်ယူ သိမ်းပိုက်ထားတဲ့ နိုင်ငံမြောက်ပိုင်းက ဆာ့တ် (Sirte) ဆိပ်ကမ်းမြို့ကို လစ်ဗျားညွန့်ပေါင်းအစိုးရ နောက်ခံတဲ့ တပ်ဖွဲ့တွေ ပြန်လည်တိုက်ခိုက် သိမ်းယူနေတာမှာ အောင်မြင်မှုတွေ ရရှိနေပါတယ်။
ပြီးခဲ့တဲ့မေလက ဆာ့တ်မြို့သိမ်းစစ်ဆင်ရေး စတင်ခဲ့ပြီးနောက်ပိုင်း ဇွန် ၂၁ ရက်က အကြီးဆုံးအောင်မြင်မှု ရရှိခဲ့ပြီး အိုင်အက်စ်အကြမ်းဖက် ထိန်းချုပ်ခဲ့တဲ့ နယ်မြေအတွင်းဘက် ၁ ကီလိုမီတာကျော်အထိ ၀င်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
အိုင်အက်စ် အကြမ်းဖက်တွေဘက်ကရော၊ အစိုးရနောက်ခံတပ်တွေဘက်ကပါ ထိခိုက်သေဆုံးမှု များပြားတယ်လို့ ဆိုပါတယ်။
ဆာ့တ်မြို့ဟာ အရင် လစ်ဗျားအာဏာရှင် ကဒါဖီရဲ့ ဇာတိမြို့ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက လစ်ဗျားအခြေစိုက် အိုင်အက်စ်အကြမ်းဖက်တွေအောက် ကျရောက်ခဲ့ပြီး သူတို့ရဲ့ အမာခံမြို့ ဖြစ်လာတာပါ။
ရေဒီယိုအသံလွှင့်ရုံတရုံနဲ့ လျှပ်စစ်ဓာတ်အားခွဲစခန်းတို့ကိုလည်း ပြန်လည်သိမ်းပိုက် ရရှိခဲ့တယ်လို့ လစ်ဗျား ညွန့်ပေါင်းအစိုးရနောက်ခံ တပ်ဖွဲ့တွေက ပြောဆိုပါတယ်။
အိုင်အက်စ်အကြမ်းဖက်တွေရဲ့ လက်နက်တိုက်တတိုက်ကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ အယ်ဂျာဇီးယား သတင်းဌာနက ကြေညာခဲ့ပါတယ်။