ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအလုပ်သမားများ တွေ့ဆုံမည့်နေရာတွင် လုံခြုံရေးတင်းကျပ်
အေးနိုင်
·
June 23, 2016
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တွေ့ဆုံ မယ့် ထိုင်းနိုင်ငံ စမွတ်စာခွန်းခရိုင် စမွတ်စာခွန်းမြို့ ထလေးထိုင်းဈေးအတွင်းနဲ့ ခန်းမမှာ ဒီနေ့ နေ့လယ်ပိုင်းက ထိုင်းလုံခြုံရေးတွေ တင်းကျပ်စွာ ချထားပါတယ်။
ထိုင်းရတ်သတင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ် လုံခြုံရေးအတွက် ထိုင်းရဲတပ်ဖွဲ့ အင်အား ၁ ထောင်ချထားကြောင်း၊ ဘန်ကောက်မှ စမွတ်စာခွန်းလမ်းတလျှောက် လမ်းဘေး တဘက်စီ ၃ မီတာလျှင် ရဲတပ်ဖွဲ့ဝင် ၁ ဦး စောင့်ဆိုင်းဖို့ ညွှန်ကြားထားတယ်လို့ စမွတ်စာခွန်း ခရိုင် ရဲမှူးကြီး ဆွန်ကရိုင်း ဖူးလ်ဖိန့်က ရဲ့ အပြောကို ကိုးကားဖော်ပြပါတယ်။
ထလေးထိုင်းဈေးမှာ ရောက်ရှိနေတဲ့ သတင်းထောက်တွေ အနေနဲ့ ရောက်ရှိရာနေရာမှာဘဲ နေရမှာဖြစ်ပြီး ခွင့်ပြုချက်မရဘဲ ဟိုသွားဒီသွားမလုပ်ဖို့ ညွှန်ကြားထားပါတယ်။
ထလေးထိုင်းခန်းမမှာ လူ ၅၀၀ စာသာ ၀င်လို့ရပေမယ့် အပြင်မှာရောဆိုရင် လူပေါင်း ၁ သောင်းလောက်ရောက်ရှိမယ်လို့ စမွတ်စာခွန်း ခရိုင် ရဲမှူးကြီး ဆွန်ကရိုင်း ဖူးလ်ဖိန့်က ခန့်မှန်းထားပါတယ်။