နိုင်ဂျီးရီးယားရှိ သြစတြေးလျ သတ္တုတွင်း အလုပ်သမားများ ပြန်ပေးဆွဲခံရ

သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံသား အပါအ၀င် သတ္တုတွင်း အလုပ်သမား ၇ ဦး နိုင်ဂျီးရီးယားမှာ ပြန်ပေးဆွဲခံရပါတယ်။
ဇွန် ၂၂ ရက် မနက်ပိုင်းမှာ သတ္တုတွင်းအလုပ်သမားတွေ ပါဝင်စီးနင်းလာတဲ့ ကားတန်းဟာ နိုင်ဂျီးရီးယားတောင်ပိုင်း ခရော့ရေးဗားပြည်နယ် ကာလာဘာအနီးမှာ ခြုံခိုတိုက်ခိုက်ခံရသလို ကားဆရာလည်း သေဆုံးသွားပါတယ်။
မက်မာဟွန် အင်ဂျင်နီယာ ကုမ္ပဏီက ၀န်ထမ်း ၇ ဦးကို အနီးက စောင့်ဆိုင်းနေတဲ့ မော်တော်နဲ့ တင်ဆောင်သွားတယ်လို့ သတင်းတွေက ရေးပါတယ်။
နိုင်ဂျီးရီးယားတောင်ပိုင်းမှာ ပြန်ပေးဆွဲပြီး ငွေတောင်းတာဟာ ကာလကြာရှည် ရှိနေတဲ့ ကိစ္စတခု ဖြစ်သလို ဂိုဏ်းတွေက နိုင်ငံခြား အလုပ်သမားတွေကို ပစ်မှတ်ထားလေ့ ရှိပါတယ်။
ပြန်ပေးသမားတွေ ဘယ်သူဆိုတာကိုတော့ မသိရဘူးလို့ သြစတြေးလျ ၀န်ကြီးချုပ်က ပြောပါတယ်။
သြစတြေးလျနိုင်ငံသား ၃ ဦးနဲ့အတူ သြစတြေးလျမှာ အမြဲနေထိုင်ခွင့်ရထားတဲ့ နယူးဇီလန် နိုင်ငံသား ၂ ဦးနဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၂ ဦးလည်း ပြန်ပေးဆွဲရမှာ ပါဝင်တယ်လို့ ဆိုပါတယ်။
ပြန်ပေးဆွဲခံရသူတွေ လုံလုံခြုံခြုံနဲ့ ပြန်လွတ်လာဖို့အတွက် ရေတပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။