Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်စခန်းသွားမည့် ခရီးစဉ် ဖျက်သိမ်း
DVB
·
June 23, 2016
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကိုယ်စားလှယ်တွေ သွားရောက်ဖို့ စီစဉ်ထားတဲ့ မြန်မာစစ်ဘေးဒုက္ခသည်စခန်း ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ရာသီဥတု အခြေအနေကြောင့် ရာ့ခ်ျပူရီခရိုင် ဆွန်ဖိန့်မြို့နယ်က  ထမ်ဟင်ဒုက္ခသည်စခန်းကို သွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူနဲ့ ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး နိုင်းဆစ်ခ် ၀ဏ္ဏမေထီက သတင်းထုတ်ပြန်ပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာကိုယ်စားလှယ်တွေဟာ လာမယ့် ဇွန်လ ၂၅ ရက်နေ့မှာ ထိုင်းနိုင်ငံ အနောက်ပိုင်း ရာ့ခ်ျပူရီခရိုင် ဆွန်ဖိန့်မြို့နယ် ထမ်ဟင်ကျေးရွာရှိ မြန်မာ စစ်ဘေးရှောင်ပြည်သူတွေကို သွားရောက်တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ရာသီဥတု အခြေအနေကြောင့် သူမရဲ့လုံခြုံရေးကို အဓိက ဦးစားပေးပြီး ဒီခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ဇွန်လ ၂၂ ရက်နေ့က သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ခရီးစဉ်ဖျက်သိမ်းတာလို့ စခန်းတာဝန်ရှိသူတွေကို ထိုင်းတာဝန်ရှိသူတွေက အကြောင်းကြားထားပြီး ဒုက္ခသည်တွေအနေနဲ့ ပြင်ဆင်လက်စ ကြိုဆိုရေး အစီအစဉ်တွေကို ဒီကနေ့မှာ ရုတ်တရက် ပြန်ရပ်လိုက်ရတယ်လို့ ထမ်ဟင်ဒုက္ခ္ခသည်စခန်းတာဝန်ခံ ဂျွန်စမစ်က ပြောပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် မလာဖြစ်တော့ဘူးဆိုတာကို ထိုင်းတာဝန်ရှိသူတွေက ဒီမနက် အကြောင်းကြားလာတယ်။ ရာသီဥတုကတော့ မိုးတော့ရွာတာပေါ့။ ဒါပေမယ့် ကျနော်တို့ဆီမှာ လမ်းတွေပြင်ထားပေးပါတယ်။ နေရာထိုင်ခင်းတွေ၊ ကြိုမယ့်သူတွေလည်း တာဝန်ပေးထား တာပေါ့။ မလာတော့ဘူးဆိုတော့လည်း ဘယ်တတ်နိုင်မလဲ၊ ကျနော်တို့စခန်းထက် အရေးပိုကြီး တဲ့နေရာ သွားစရာရှိတယ်လို့ပဲ သဘောထားပါတယ်။  သူလာရင် ဘာတွေလာပြော မလဲဆို တာလည်း ကြားချင်တယ်။ ကျနော်တို့ ဒုက္ခသည်ရှေ့ရေးအတွက် ဘာအစီအစဉ်ရှိလဲဆိုတာ မေးချင်တယ်။  ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုရင် အဓိက ပြည်တွင်း ငြိမ်းချမ်းရေးကို အမြန်ဆုံးဖြစ်အောင်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမငြိမ်မချင်းကတော့ ကျနော်တို့ ဒုက္ခသည်တွေ ပြန်ဖို့ကတော့ အင်မတန်မှ ၀န်လေးတယ်။” ထိုင်းရတ်သတင်းတပုဒ်မှာတော့ ဒေါ်အောင်ဆန်းကြည်ရဲ့ ခရီးစဉ်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ဦးရေ ၁၀၀၀ တာဝန်ပေးအပ်ထားကြောင်း ဆမွတ်ဆာခွန်းခရိုင် ရဲမှူးကြီး ဆွန်ကလိုင်း ဖုန်းဖိန့်ရဲ့ အပြောကို ကိုးကားဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇွန်လ ၂၃ ရက်နေ့မှာ နေ့ခင်းပိုင်းမှာ ရန်ကုန်ကနေ ဘန်ကောက်မြို့ကို ရောက်ရှိမှာဖြစ်ပြီး ညနေပိုင်းမှာတော့ မဟာချိုင်ဒေသက ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဇွန် ၂၄ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့အခါမှာ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည် ၁ သိန်းကျော်ကို ပြန်ပို့ရေး ဆွေးနွေးမှာဖြစ်တယ်လို့ မနေ့က ထိုင်းသတင်းတွေမှာ ရေးသားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံအကြား အလုပ်သမားစာချုပ် ၂ ခုကို လက်မှတ်ရေးထိုးကြဖို့ ရှိနေပါတယ်။ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာနဲ့ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ သဘောတူစာချုပ်တွေကို နှစ်နိုင်ငံ အလုပ်သမားရေးရာဝန်ကြီးတွေ လက်မှတ်ထိုးကြမှာ ဖြစ်ပါတယ်။ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးတဲ့ သတင်းတရပ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တာ့ခ်ခရိုင် မဲဆောက်မြို့ကို သွားရောက်ဖို့ အစီအစဉ် ပါရှိတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ခုနှစ် မေလကုန်ပိုင်းတုန်းက ပထမအကြိမ် ထိုင်းနိုင်ငံ ခရီးစဉ်တုန်းကလည်း မဟာချိုင်ဒေသမှာ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့သလို ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည်စခန်းကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024