Home
မေးမြန်းခန်း
တရားဝင် ကမ်းလှမ်းခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေးယူပြီးတော့ လုပ်မှာပဲ - ဗိုလ်ချုပ်စောကျော်သက်
DVB
·
June 22, 2016
ဒီကေဘီအေတပ်ဖွဲ့ကို အသစ်ထပ်ဖွဲ့တာ မဟုတ်ဘဲ အရင်ရှိပြီးသား ဒီကေဘီအေမူအတိုင်း ရပ်တည်နေတယ်လို့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) စစ်ဦးစီးချပ် ဗိုလ်ချုပ် စောကျော်သက်က ပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တရားဝင် စာနဲ့ပေနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် အချိန်မရွေး ငြိမ်းချမ်းရေးယူပြီးလုပ်မယ်လို့လည်း သူက ဆက်ပြောပါတယ်။ လက်ရှိ အစိုးရ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စ၊ ဒီကေဘီအေရဲ့ ရပ်တည်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောကျော်သက်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - အခု ဒီကေဘီအေ တပ်ဖွဲ့မှာ ပြည်သူတွေက ထင်ယောင်ထင်မှားတွေ ဖြစ်တဲ့ဟာတွေ ရှိတယ်ပေါ့နော်။ တပ်ဖွဲ့တွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေရော၊ နောက်ပြီးတော့ တဖွဲ့နဲ့တဖွဲ့ နှစ်ဘက်ဖြစ်သွားတယ်လို့ ကြားတယ်ပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်အနေနဲ့ တချက်လောက် ရှင်းပြပေးပါဦးခင်ဗျ။ ဖြေ - လက်ရှိ ပြည်သူပြည်သားတွေက အထင်လွဲတာလည်း ရှိရင်ရှိနိုင်တယ်လေ။ ဘယ်လိုပြောမလဲဆိုရင် ကျနော်တို့ တဖွဲ့နဲ့တဖွဲ့ကို ကျနော်တို့က ကွဲသွားတဲ့ပုံစံပေါ့။ ကွဲပေမယ့်လည်း ကျနော်တို့ကတော့ ပြဿနာ သိပ်မရှိပါဘူး။ တချို့ လူထုမသိရင်လည်း ကျနော်တို့ ဒီကေဘီအေက ပျောက်တယ်လို့ ထင်တဲ့လူလည်း ရှိမှာပေါ့နော်။ မေး - ဟုတ်ကဲ့၊ ကွဲသွားတယ်ဆိုတာက ဘယ်လိုပုံစံမျိုးနဲ့ ကွဲသွားတာလဲ မသိဘူး။ ဖြေ - ကွဲသွားတဲ့ပုံစံက ကျနော်တို့က ပြဿနာမတက်ခင်မှာ ကျနော်တို့က စစ်တပ်နဲ့ ညှိနှိုင်းတယ်၊ ဘီဂျီအက်ဖ်နဲ့။ ညှိနှိုင်းမရတဲ့နောက်မှာ ကျနော်တို့ တိုက်ပွဲဖြစ်သွားတယ်။ တိုက်ပွဲဖြစ်ပြီးတော့ ဗိုလ်ချုပ်ကြီးစောလားဘွယ်က အန်စီအေ လက်မှတ်သွားထိုးတယ်။ သွားထိုးပြီးတော့ ကျနော်တို့ကို သူက သူနဲ့မပတ်သက်ချင်တဲ့ပုံစံ ထုတ်ဖယ်လိုက်တဲ့ပုံစံပေါ့။ ကျနော်တို့ကို ပထမ ဗိုလ်မှူးကြီး ဆားဆာက ထုတ်ပယ်တယ်၊ ကျနော်တို့ ပြန်ပြီးတော့ လက်ခံလိုက်တာ။ လက်ခံပြီးနောက်ပိုင်းမှာ ကျနော်တို့ နောက်ထပ် ပြဿနာ ထပ်တက်တယ်။ ခုနပြောတဲ့ အာရှလမ်းမှာ တိုက်ပွဲဆက်ဖြစ်လို့။ ပြီးတော့ သူတို့ အန်စီအေ လက်မှတ်ထိုးဖို့လည်း သူ့အတွက်တော့ အခက်အခဲရှိနေလို့ ကျနော်တို့ကို ထုတ်ပယ်ထားလိုက်တာရှိတယ်။ ကျနော်တို့ ထုတ်ပယ်တဲ့အဖွဲ့က ပြန်ပြီး စုစည်းတယ်ပေါ့။ စုစည်းပြီးတော့ တပ်မ ၂ မနဲ့ ဗျူဟာတခုနဲ့ ပြန်ပြီးတော့ အခုလက်ရှိ ရပ်တည်သွားတယ်။ ကျနော်တို့ အခုအဖွဲ့က ဖွဲ့ထားပြီးသား။ ဖွဲ့ပြီးတော့ ကျနော်တို့ စစ်ဦးစီးချုပ်ကလည်း တာဝန်ယူတယ်။ ပြီးရင် ကျနော်တို့ ဗဟိုစစ်ကော်မတီမှာလည်း ထပ်ဖွဲ့ထားတယ်။ ပြီးရင် ကျနော်တို့ အထက်ကလည်း နာယကလည်း ရှိသေးပါတယ်။ ကျနော်တို့ ဒီကေဘီအေမူဟောင်းနဲ့ ကျနော်တို့ ရပ်တည်သွားပါတယ်။ မေး - တကယ်လို့ တဘက်အဖွဲ့ကနေပြီးတော့ လာရောက်ပြီးတော့ ပူးပေါင်းဖို့ဆိုရင်ကော ဗိုလ်ချုပ်တို့ ဘယ်လိုမျိုးသဘောထား ဆက်ဆံမလဲခင်ဗျ။ ဖြေ - ပူးပေါင်းမယ်ဆိုရင်တော့ ကျနော်တို့မှာတော့ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ စဉ်းစားပေးမှာပဲ။ မေး - အခုပြန်လည်ဖွဲ့စည်းလိုက်တဲ့အချိန်မှာ တပ်ဖွဲ့အင်အား၊ မြေနေရာဒေသ အနေအထားပေါ့နော်။ နောက်ပြီးတော့ လူအခြေအနေ ဘယ်လိုမျိုးတွေ အခက်အခဲကြုံရလဲ ခင်ဗျ။ ဖြေ - ကျနော်တို့ အသစ်ဖွဲ့တာမဟုတ်ဘူး။ အရင်တုန်းက ရှိထားပြီးသား ဒီကေဘီအေပဲ။ ဖွဲ့တာကတော့ ကျနော်တို့ အကျိုးပြု ဒီကေဘီအေလေ၊ သူတို့က အသစ်ဖွဲ့တာ။ ကျနော်တို့က မူရင်းပဲ ရပ်တည်နေတာ။ ပြီးတော့ ကျနော်တို့ တပ်ဖွဲ့အင်အားကတော့ လုံလုံလောက်လောက် ရှိပါတယ်။ အခက်အခဲကြုံရတဲ့ဟာကတော့ ဘယ်လိုလဲဆိုတော့ လက်ရှိတပ်မတော်နဲ့ နယ်ခြားစောင့်တပ်မှာ နားလည်မှု သိပ်ပြီးတော့ မရှိလို့လေ။ အခက်အခဲတော့ ကြုံပါတယ်။ မေး - အခု နယ်ခြားစောင့်တပ်နဲ့ စစ်တပ်တွေကရော ဗိုလ်ချုပ်တို့အပေါ် ဘယ်လိုမျိုးတွေ ထပ်ပြီးတော့ လုပ်ဆောင်နေလဲခင်ဗျ။ သူတို့ရဲ့ သဘောထားပေါ့နော်။ ဖြေ - သူတို့သဘောထားက ကျနော်တို့လည်း ရှင်းရှင်းလင်းလင်း ကောင်းကောင်းမသိရဘူး။ ဘယ်လိုပြောမလဲ၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်ကတော့ အခုလက်ရှိအစိုးရကတော့ ရှင်းရှင်းပြောရရင် သူက အစိုးရရဲ့မူဝါဒ ဖြစ်သွားတာကိုး။ အဓိက အစိုးရရဲ့ သဘောထားပဲ မူတည်ပါတယ်။ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ကတော့ သူတို့သဘောထား ကျနော်တို့လည်း ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ မေး - သူတို့အနေနဲ့ ဗိုလ်ချုပ်တို့ တပ်ဖွဲ့တွေနဲ့ပေါ့နော်၊ ငြိမ်းချမ်းရေးရယူမယ် ကမ်းလှမ်းခဲ့မယ်ဆိုရင်ကော ဘယ်လိုသဘောထားမလဲခင်ဗျ။ ဖြေ - ကျနော်တို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တယ်ဆိုရင်တော့ ကျနော်တို့ အမြဲတမ်း ဦးစားပေးမှာပါ။ ကမ်းလှမ်းခဲ့မယ်ဆိုရင် တရားဝင် စာနဲ့ပေနဲ့ ကမ်းလှမ်းခဲ့မယ်ဆိုရင် ကျနော်တို့က အချိန်မရွေး ငြိမ်းချမ်းရေးယူပြီးတော့ လုပ်မှာပဲ။ မေး - သူတို့နဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းဖို့အတွက်ကော ဘယ်လိုမျိုးတွေ လုပ်ဆောင်ဖို့ရှိလဲခင်ဗျ။ ဖြေ - လက်ရှိကတော့ ကျနော်တို့ ထူးထူးထွေထွေ ကျနော်တို့ မသိရသေးဘူး။ နောက်ဆုံး ပြောရမယ်ဆိုရင် သူတို့လည်း ကမ်းလှမ်းလာမလား၊ မကမ်းလှမ်းလာဘူးလား၊ ကျနော်တို့လည်း မသိရသေးတဲ့အတွက်ကြောင့် ကျနော်တို့တွေ စောင့်ပြီးတော့ နားထောင်တာပဲရှိတယ်။ မေး - ဟုတ်ကဲ့၊ လူထုကြားထဲမှာလည်း ဒီကေဘီအေကို သိပ်ပြီးတော့ သဲသဲကွဲကွဲ မသိရသေးတဲ့ အခြေအနေတွေ ဖြစ်နေတယ်ပေါ့နော်။ ရောထွေးမှုတွေပေါ့နော်။ နှစ်ဖွဲ့ဖြစ်သွားတယ် ဆိုပြီးတော့ပေါ့။ အဲလို ရောထွေးမှုဖြစ်နေတဲ့ ပြဿနာကိုရော ဘယ်လိုမျိုး ဖြေရှင်းဖို့ စဉ်းစားထားလဲခင်ဗျ။ ဖြေ - ကျနော်တို့က ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီကေဘီအေ နှစ်ဖွဲ့သုံးဖွဲ့ မရှိရဘူး။ တဖွဲ့တည်းရှိတာ ပိုပြီး အဆင်ပြေသွားမယ်၊ ပိုပြီးချောမွေ့သွားမယ်။ ခုန ကျနော်ပြောသလိုမျိုးပဲ အသစ်ဖွဲ့တာမဟုတ်ဘူး။ အသစ်ဖွဲ့တာဆိုလို့ ကျနော်တို့ ဒီကေဘီအေ အကျိုးပြုတပ်မတော်ပဲ ဖြစ်နေပါတယ်။ ကျနော်တို့က မူဟောင်း ဒီကေဘီအေအတိုင်းပဲ ရပ်တည်သွားတယ်။ မေး - ပြီးခဲ့တဲ့ တလောကပေါ့နော်။ ရခိုင်ဘက်မှာ တိုက်ပွဲတွေဖြစ်တယ်ပေါ့နော်။ အေအေ တပ်မတော်နဲ့ အစိုးရတပ်မတော် တိုက်ပွဲတွေဖြစ်တယ်။ တိုက်ပွဲတွေဖြစ်တဲ့အပေါ်မှာ ဒီကေဘီအေ တပ်မတော်က သွားပြီးတော့ ကူညီခဲ့တာတွေ ရှိတယ်ပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ တချက်လောက် ရှင်းပြပေးပါခင်ဗျ။ ဖြေ - ဒါလည်းဟုတ်ပါတယ်။ ဘယ်လိုပြောမလဲဆိုရင် ကျနော်တို့ တိုင်းရင်းသား အချင်းချင်းလည်း ဖြစ်တယ်။ ကျနော်တို့ အေအေနဲ့ ဒီကေဘီအေ တပ်မတော်နဲ့က အခုမှ ကျနော်တို့ ပေါင်းစည်းတာမဟုတ်ဘူး။ ဟိုး ၂၀၁၀ ကတည်းက အတူတူ တိုက်ပွဲဝင်ခဲ့ပါတယ်။ အခုကျတော့ နည်းနည်း အေးချမ်းတဲ့ပုံစံပေါ့။ ရခိုင်ဘက်ကို တိုက်ပွဲဖြစ်ပြီးတော့ ကျနော်တို့လူကတော့ ပြန်လာရတာပေါ့၊ အဲလိုမျိုးပုံစံတော့ ရှိတာပေါ့။ အခုမှလုပ်တာမဟုတ်ဘူး။ ကျနော်တို့ကြာနေပါပြီ။ မေး - အဲလိုမျိုး သွားရောက်ကူညီတဲ့အခါမှာ ဘယ်လိုမျိုး အခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲခင်ဗျ။ ဖြေ - စစ်တိုက်တာတော့ အခက်အခဲတော့ ရှိတာပေါ့။ စစ်တိုက်တာတော့ သိပ်ပြီး မလွယ်တဲ့ဟာပေါ့။ အခက်အခဲတော့ ကြုံတော့ကြုံတယ်။ ကြုံပေမယ့်လည်း ပြဿနာမရှိပါဘူး။ ဒီလိုမျိုး အခက်အခဲတော့ ကျနော်တို့ ကျော်လွှားနိုင်လို့ရတယ်။ မေး - တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ရှိတယ်ပေါ့နော်။ အဲဒီအဖွဲ့အစည်းတွေနဲ့ကော ဗိုလ်ချုပ်တို့ ဘယ်လိုမျိုးတွေ မဟာမိတ်ပူးပေါင်းဖို့ အစီအစဉ်ရှိသလဲခင်ဗျ။ ဖြေ - ကျနော်တို့ တခြား လက်နက်ကိုင်အဖွဲ့အစည်းမှာ၊ တော်လှန်ရေးအဖွဲ့အစည်းမှာ ပူးပေါင်းတာ အဆင်သင့်ဖြစ်ပါတယ်။ ပူးပေါင်းတယ်၊ တူတဲ့ဟာတော့ ကျနော်တို့က တွဲလုပ်မှာပေါ့လေ။ မတူတာတော့ ကျနော်တို့ ခွဲလုပ်တာပေါ့။ အဲလိုမျိုးတော့ ကျနော်တို့ ဆုံးဖြတ်ချက်ချထားတယ်။ မေး - အခုအစိုးရသစ်ကာလမှာပေါ့နော်။ အစိုးရသစ်က ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အပေါ်မှာကော ဗိုလ်ချုပ်တို့အနေနဲ့ ဘယ်လိုမျိုးမြင်လဲခင်ဗျ။ ဖြေ - လက်ရှိ အခု ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ဟာတော့ ကျနော်တို့လည်း သိပ်မကြာသေးဘူးကိုး။ ရက်တရာလည်း မပြည့်သေးပါဘူး။ အခုလက်ရှိ အစိုးရက အန်အယ်လ်ဒီ အစိုးရ တက်လာတာလေ။ ရက်တရာမပြည့်သေးတော့ သူတို့ကလည်း ငြိမ်းချမ်းရေးကို ကျနော်ထင်တာတော့ သူက အစွမ်းကုန်ပဲ ကြိုးစားပြီးတော့ ရအောင်လုပ်မယ်လို့ ကျနော်တို့ကလည်း ယုံကြည်ပါတယ်။ မေး - လက်ရှိတက်လာတဲ့ အစိုးရအပေါ်မှာကော ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက်ကို ဘယ်လိုမျိုး အကြံပြုချင်ပါသလဲခင်ဗျ။ ဖြေ - ကျနော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အတွက်ကတော့ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့က အားလုံးပါဝင်ရေးမူ ဖြစ်ပါတယ်။ ပြီးရင် ကျနော်တို့ တဖွဲ့မှ ချန်ထားလို့မရဘူး။ တကယ့်ငြိမ်းချမ်းရေး အစစ်အမှန် လုပ်ခဲ့မယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသား တော်လှန်ရေးလုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ တဖွဲ့မှ ကျန်ခဲ့လို့မရဘူးပေါ့။ အကုန်လုံး တူတူပါမှ ကျနော်တို့ ငြိမ်းချမ်းရေးကို ရှေ့ဆက်လုပ်နိုင်မယ်ပေါ့နော်။ မေး - တိုင်းရင်းသားတွေ အများစု မျှော်လင့်နေကြတဲ့ ပင်လုံစာချုပ်ကိစ္စပေါ့နော်။ အခု အဲဒီကိစ္စကို နှစ်ပေါင်းများစွာလည်း ကြိုးစားခဲ့ပြီးပြီပေါ့နော်။ အခု အစိုးရသစ်ကာလမှာ နှစ်လအတွင်းကို သူတို့တွေ ဖော်ဆောင်မယ်လို့ ပြောတယ်ပေါ့နော်။ အဲဒီအပေါ်မှာကော ဘယ်လိုမျိုးမြင်လဲခင်ဗျ။ ဖြစ်နိုင်၊ မဖြစ်နိုင်ပေါ့။ ဖြေ - ဖော်ဆောင်နိုင်ရင်တော့ ကောင်းတာပေါ့။ သူလည်း ကြိုးစားနိုင်မယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ အချိန်မှာတော့ အခက်အခဲတော့ ရှိတော့ ရှိနိုင်ပါတယ်။ သဘောထား မတူတဲ့သူလည်း ရှိတယ်။ ကျနော့်အမြင်ကတော့ ၂၁ ပြည်ထောင်စုညီလာခံကို သူတို့က ဖော်ဆောင်တော့မယ်။ ငြိမ်းချမ်းရေးလမ်းစဉ်ကို သွားတော့မယ်။ ပြီးရင် ၂၀၀၈ ဖွဲ့စည်းပုံ နောက်မှပြင်မယ်ဆိုရင် ကျနော်ထင်တာတော့ အခက်အခဲတော့ အများကြီး ဖြစ်နိုင်တယ်ပေါ့။ ဘယ်လိုပြောမလဲဆိုရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံ မပြင်ဘူးဆိုရင် ဒီ ငြိမ်းချမ်းရေးလမ်းစဉ် သွားမယ်ဆိုရင် အခက်အခဲတော့ ရှိနိုင်တယ်။ မေး - အခုလက်ရှိကော ဗိုလ်ချုပ်တို့ရဲ့ သဘောထားက ၂၀၀၈ အပေါ် ဘယ်လိုသဘောထားလဲခင်ဗျ။ ဖြေ - ကျနော်တို့က အခု ၂၀၀၈ ဖွဲ့စည်းပုံက အရင်အတိုင်းပဲ။ ဒါပေမယ့် တိုင်းရင်းသားအားလုံးပဲ သိပါတယ်။ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံက ကျနော်တို့ တိုင်းရင်းသား လိုချင်တဲ့ အခွင့်အရေးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အဲလိုမျိုးပေါ့လေ တန်းတူအခွင့်အရေးတို့၊ ၂၀၀၈ ဖွဲ့စည်းပုံ မပြင်ဘူးဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ လိုတဲ့ဟာတော့ သိပ်ပြီးတော့ မရနိုင်ဘူးလေ။ အဲလိုယူဆပါတယ်။ မေး - အခုလက်ရှိအစိုးရအနေနဲ့ကော ၂၀၀၈ ကို ပြင်နိုင်မယ်လို့ကော ဗိုလ်ချုပ်တို့ မျှော်လင့်လားခင်ဗျ။ ဖြေ - ဒါပေမယ့် ကျနော်တို့ ပြောမယ်ဆိုရင် တိုင်းရင်းသားအားလုံး တော်လှန်ရေးအဖွဲ့အစည်း အားလုံးမှာ အစိုးရနဲ့ ပူးပေါင်းပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရင်တော့ ပြင်နိုင်မယ်ထင်တယ်။ မေး - လက်ရှိ လတ်တလော အခု ဒီဘက်အခြေအနေ ဒေသတွေမှာကော တိုက်ပွဲတွေ မကြာခဏ ဖြစ်ပေါ်နေတယ်ပေါ့လေ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ တချက်လောက် ရှင်းပြပေးပါဦးခင်ဗျ။ ဖြေ - တိုက်ပွဲဖြစ်တဲ့ အကြောင်းအရင်းကတော့ ကျနော့်အနေနဲ့တော့ ထူးထူးထွေထွေ မရှိပါဘူး။ ဘယ်လိုပြောမလဲ ကျနော်တို့ ဒီကေဘီအေက ဒီလိုပဲနေလာတယ်။ ဘယ်သူ့ဆီမှ ကျနော်တို့ သွားပြီးတော့ အနှောင့်အယှက်ပေးတာလည်း မရှိဘူး။ ရန်လည်းမရှာဘူး။ ကျနော်တို့ကိုပဲ သူတို့လာပြီးတော့ ရန်ရှာရှာနေတယ်။ ဒါကြောင့် တိုက်ပွဲဖြစ်တယ်ပေါ့။ ကျနော်တို့ သွားပြီးတော့ လုပ်တာမဟုတ်ဘူး။ သူတို့ပဲ အရင်လုပ်လုပ်ပြီးတော့ တိုက်ပွဲဖြစ်တာပဲ။ မေး - ဒီကေဘီအေတပ်ဖွဲ့ နေထိုင်တဲ့ ဒေသတွေကိုပေါ့နော်။ အစိုးရတပ်ကရော နယ်ခြားစောင့်တပ်တွေကော ဖြတ်လေးဖြတ် လုပ်နေတယ်လို့ ကြားရတယ်ခင်ဗျ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်တို့ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရလဲ။ ဖြေ - ကျနော်တို့ ဒီကေဘီအေ အနေနဲ့ကတော့ ရှင်းရှင်းပြောရင်တော့ ပြဿနာမရှိလောက်ပါဘူး။ ဒါပေမယ့် သူက ဖြတ်လေးဖြတ် လုပ်တာကတော့ ကျနော်တို့ တပ်ကတော့ ဘာမှ အထိနာတာမရှိဘူး။ လူထုပဲ အထိနာများတယ်လေ။ လူထုကလည်း အဓိက ကျနော်တို့ ဒီကလူထုတွေ တောကြိုတောင်ကြားမှာ နေပြီးတော့ တောင်ယာတွေ လိုက်ခုတ်စားပြီးတော့ စပါးတွေ တခါတလေ မလောက်ဘူးလေ။ စားဝတ်နေရေးအတွက် သွားပြီးတော့ ၀ယ်တယ်။ မြို့ထဲမှာပေါ့။ သွားဝယ်ပြီး ယူလာလို့ မရတာတော့ သူတို့ရဲ့ ရည်ရွယ်ချက်က ဖြတ်လေးဖြတ်ကို ကျနော်တို့ ဒီကေဘီအေတပ်နဲ့ ပြည်သူလူထုနဲ့ အဆက်အသွယ်ဖြတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ပြီးရင် ဆက်သွယ်ရေးလမ်းကြောင်းအရလည်း လူထုနဲ့ ကျနော်တို့ ထိတွေ့လို့မရအောင်၊ ကျနော်တို့ကို အထင်အမြင်လွဲအောင် ဖြတ်တောက်နိုင်တယ်။ အဲလိုမျိုးပုံစံ တွေ့ရတာပေါ့။ မေး - ဗိုလ်ချုပ်တို့ထိန်းချုပ်တဲ့ နယ်မြေထဲမှာလည်းပေါ့၊ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးတွေ ထိန်းချုပ်ထားလဲခင်ဗျ။ ဖြေ - ကျနော်ထိန်းချုပ်တဲ့နယ်မြေမှာတော့ ရှင်းရှင်းပြောရရင် မူးယစ်ဆေးဝါးကတော့ ကင်းကင်းရှင်းရှင်းပဲ။ မရှိပါဘူး။ လာမယ်ဆိုရင် အပြစ်ပေး အရေးယူမယ်။ တွေ့ရင်လည်း ဖမ်းမယ်ပေါ့။ အဲလိုပဲ။ ကျနော်တို့ ပြောချင်တာက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ကျနော်တို့ ရှင်းရှင်းပြောရင် ဒီကေဘီအေဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာ တခါမှ ကျနော်တို့ မရှိခဲ့ပါဘူး။ အရင်တုန်းက ကျနော်တို့ ဖမ်းဖူးဆီးဖူးတာပဲရှိတယ်။ နောက်မှ ကျနော်တို့ တိုက်ပွဲဖြစ်တာ အာရှလမ်းမှာ နယ်ခြားစောင့်တပ်ရဲ့ အမျိုးမျိုးလုပ်ပြီးတော့လေ နာမည်လည်းဖျက်မယ်။ ပြီးတော့ ခဏခဏသွားပြီးတော့ မူးယစ်ဆေးဝါး သွားရတယ်။ အဲလိုမျိုးသွားပြီးတော့ ခဏခဏရတယ်ဆိုတာ ကျနော်ထင်တာကတော့ မရိုးသားဘူးလို့။ သူတို့ကလေ မပျက်ပျက်အောင် လူများ မမုန်းမုန်းအောင်တော့ သူတို့က တိုက်ထုတ်တဲ့ သဘောပဲပေါ့။ မေး - လက်ရှိအစိုးရကိုရော၊ ပြည်သူလူထုတွေကိုရော ဘာများပြောချင်လဲခင်ဗျ။ ဖြေ - ကျနော်ပြောချင်တာ အဓိက ကျနော်တို့ ငြိမ်းချမ်းရေးကို အဓိကဦးစားပေးပါ။ ပြီးတော့ ကျနော်တို့ စစ်ရေးနဲ့ပတ်သက်တာ ဦးစားမပေးချင်ဘူး။ တိုက်ပွဲဆိုရင် လူထုလည်း ထိခိုက်နစ်နာမယ်။ ကျနော်တို့ စစ်တပ်မှာလည်း အပင်ပန်းခံရတယ်ပေါ့။ အကောင်းဆုံးကတော့ စစ်ပွဲမဖြစ်အောင် နှစ်ဦးနှစ်ဘက် ထိန်းထိန်းသိမ်းသိမ်းနေရင် ပိုပြီးတော့ အဆင်ပြေသွားမယ်။ ကျနော်တို့ကတော့ စစ်ကို မလိုလားပါဘူး။ အဓိက ငြိမ်းချမ်းရေးပဲ ကျနော်တို့ လိုလားပါတယ်။ ကျနော်တို့ ပြည်သူနှင့်တကွပေါ့။ ဒါ ကျနော်တို့ရဲ့ ဒီကေဘီအေရဲ့ သဘောထားပါပဲ။ တွေ့ဆုံမေးမြန်းသူ - အောင်ကျော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024