ယူရို ၂၀၁၆ တွင် ချန်ပီယံခြေစွမ်း တသင်းမှ မပြနိုင်သေး

1.4K
ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာ ကစားနေကြတဲ့ အသင်းကြီးတွေ အားလုံးမှာ ချန်ပီယံခြေစွမ်းပြ နိုင်တဲ့ အသင်းတသင်းမှ မရှိသေးဘူးလို့ အိုလံပစ်ဘောလုံးဂျာနယ်အယ်ဒီတာ ကိုဟိန်းသန့်က ပြောပါတယ်။
ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ အင်္ဂလန်၊ ပေါ်တူဂီ စတဲ့ ဥရောပအင်အားကြီး အသင်းကြီး တွေဟာ ယူရိုပြိုင်ပွဲမှာ ထိန်းကစားနေကြလို့ ချန်ပီယံခြေစွမ်း မပြနိုင်သေးတာလို့ ပြောပါတယ်။
“ချန်ပီယံခြေစွမ်း ပြနိုင်တဲ့အသင်းမျိုး ခုချိန်ထိ တသင်းမှ မတွေ့ရသေးဘူး။ ဘာဖြစ်လို့ဆိုတော့ အသင်းကြီးတွေက ကလပ်အသင်းတွေနဲ့ ရာသီကုန်အချိန်နဲ့လည်း နီးလာတယ်။ ပြိုင်ပွဲနဲ့လည်း နီးနေတယ်ဆိုတော့ ပွဲပန်းတဲ့ အနေအထားမျိုးမှာရှိတော့ သူတို့က ပွဲတွေကို ထိန်းကစားနေတာ များတယ်၊နောက် အသင်းငယ်တွေကလည်း အုပ်စု တတိယနေရာကနေ တက်ခွင့်ရှိတော့ အမှတ်ရဖို့ ပိတ်ပြီး ကစားလာတဲ့အခါမှာ အသင်းကြီးတွေ ကစားရခက်ပြီးတော့ ပွတ်ကာသီကာ နိုင်တာမျိုးတွေ များနေတာ တွေ့ရတယ်”
အသင်းကြီးတွေဟာ ရှုံးထွက်အဆင့်လောက်ကျမှ ဖွင့်ကစားကြလိမ့်မယ်လို့ ထင်ကြောင်းလည်း ပြောပါတယ်။
လတ်တလော ကစားပြီးသမျှ အိမ်ရှင် ပြင်သစ်၊ နာမည်ကြီး အင်္ဂလန်၊ အီတလီ၊ ဗိုလ်စွဲဖို့ ရေပမ်း စားတဲ့ ဂျာမနီ၊ စပိန်တို့ နောက်တဆင့် ရှုံးထွက်ပွဲစဉ်တွေကို အသီးသီး တက်ရောက်သွားကြပြီ ဖြစ်ပါတယ်။
ဇွန် ၂၁ ရက်က ကစားခဲ့တဲ့ စပိန်နဲ့ ခရိုအေးရှားတို့ပွဲမှာ ခရိုအေးရှားတို့ စပိန်ကို မထင်မှတ်ဘဲ အနိုင်ရပြီး အုပ်စုဗိုလ် ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် အုပ်စု ဒုတိယနေရာမှာ ရှိနေတဲ့ စပိန်အသင်းဟာ ရှုံးထွက်နဲ့ ဆီမီးဖိုင်နယ်အဆင့်တို့မှာ အသင်းကြီးတွေဖြစ်တဲ့ ဂျာမနီ၊ အီတလီတို့နဲ့ ထိပ်တိုက်တွေ့ဖို့ ရှိနေပါတယ်။
ဒါနဲ့ ပတ်သက်လို့ အိုလံပစ်ဂျာနယ်အယ်ဒီတာ ကိုသိန်းသန့်က “စပိန်က လောလောဆယ် အီတလီနဲ့ တွေ့ဖို့ များပြီးတော့ ဂျာမန်လည်း ရှိနေတယ်၊ပြင်သစ်လည်း ရှိနေတယ်ဆိုတော့ ဆီမီးမှာ သူတို့ ၄သင်းက ၂သင်း သွားတွေ့ဖို့ များနေတယ်၊သူတို့က ကျပ်ပြီးတော့ တဘက်ခြမ်းမှာ စပိန် လွတ်သွားတဲ့အတွက် ခရိုအေးရှားက နည်းနည်း အခြေအနေကောင်းသွားတယ်။”
ဒါပေမယ့် ဒီနှစ် ယူရိုဘောလုံးပြိုင်ပွဲမှာ မထင်ထားတဲ့ အသင်းငယ် တသင်းသင်း ဗိုလ်စွဲဖို့တော့ မဖြစ်နိုင်ဘူးလို့လည်း သူက သုံးသပ်ပါတယ်။
အုပ်စု ၆ ခုခွဲပြီး ယှဉ်ပြိုင်ကစားနေတဲ့ ယူရိုဘောလုံးပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေ ဇွန် ၂၂ရက်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
၂၀၁၆ခုနှစ် ယူရိုဘောလုံးပြိုင်ပွဲတွေကို ဇွန် ၁၀ ရက်ကစပြီး ပြင်သစ်နိုင်ငံက မြို့ ၁၀ မြို့မှာ ကျင်းပနေတာဖြစ်ပြီး ဇူလိုင် ၁၀ရက်ထိ တလကြာ ကျင်းပနေတာ ဖြစ်ပါတယ်။