ထမင်းကြော် သတ်မှတ်ဈေးထက် ပိုတောင်းသဖြင့် ထိုင်းစစ်အရာရှိ ရဲစခန်းကို တိုင်တန်း
ထိုင်းနိုင်ငံ ချင်းမိုင်မှာ ထမင်းကြော်နဲ့ ကြက်ဥတလုံးကို သတ်မှတ်ဈေးထက်ပိုပြီး ၇၉ ဘတ်တောင်းခံလို့ ရဲစခန်းကို ထိုင်းစစ်အရာရှိက သွားရောက်တိုင်တန်းခဲ့ပါတယ်။
ကာဝီလ စခန်းက အရာရှိ ချန်နာချိုင်း စန်ခန်းဟာ ဈေးပိုတောင်းလို့ ထမင်းကြော်အတွက် ကျသင့်ငွေရှင်းတဲ့ ဖြတ်ပိုင်းကိုင်ကာ ဆိုင်ပိုင်ရှင်ကို ခေါ်ပေးဖို့ ရဲစခန်းမှာ တောင်းဆိုခဲ့တာလို့ ဘန်ကောက် ကိုးကိုးနပ်စ်သတင်းက ရေးပါတယ်။
ထိုင်းနိုင်ငံမှာ ထမင်းကြော်နဲ့ ကြက်ဥကြော်တလုံးဟာ ဘတ် ၃၀ နဲ့ ၃၅ ဘတ်အကြား ရောင်းချလေ့ရှိပါတယ်။
သာမန်ထမင်းကြော်တပွဲဖြစ်ပြီး ဘတ် ၅၀ ဆိုရင်တောင် ဈေးကြီးပေမယ့် ၇၉ ဘတ်ဆိုတာကတော့ တော်တော်ကို လွန်သွားပြီလို့ အရာရှိက စနုတ် သတင်းကို ပြောပါတယ်။
နောက်ပိုင်းမှာ ထမင်းကြော်ရောင်းတဲ့သူကို ရဲက ခေါ်ခဲ့ပေမယ့်လည်း အကူဖြစ်သူကိုသာ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ ထမင်းကြော်ကို ဈေးကြီးကြီးရောင်းချနေတာကို တာဝန်ရှိသူတွေက စုံစမ်းပေးဖို့ စစ်တပ်အရာရှိက တောင်းဆိုတယ်လို့လည်း သတင်းမှာရေးပါတယ်။