ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှုအပြီး ဒဏ်ရာရ ကလေးငယ်ကို ကယ်တင် (ရုပ်သံ)

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့က ရပ်ကွက် ၂ ခုကို လေကြောင်းတိုက်ခိုက်မှုအပြီးမှာ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေကြားက ဒဏ်ရာရ ကလေးငယ်ကို ကယ်ထုတ်နေပုံ ဒေသခံ မီဒီယာတွေက ဇွန် ၂၀ ရက်က ပြသခဲ့ပါတယ်။
အလက်ပိုမြို့အတွင်း လူနေဒေသတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ကယ်ဆယ်ရေးသမားတဦးက ရုပ်သံထဲမှာ ပြောထားပါတယ်။
ဆီးရီးယား ပရဟိတနဲ့ ဆီးရီးယား အရပ်ဘက်ကာကွယ်ရေးဆိုတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၂ ခုရဲ့ ဝတ်စုံတွေကို ဆေးဘက်အကူတွေက ဝတ်ဆင်ထားပါတယ်။
သူပုန်တွေ တပ်စွဲထားတဲ့ အလက်ပိုမြို့ မြောက်ပိုင်းကို ရုရှားနဲ့ ဆီးရီးယား စစ်တပ်တွေရဲ့ လေကြောင်းနဲ့ အမြောက်ပစ်ခတ်မှုတွေ လတ်တလော သီတင်းပတ်ထဲမှာ တိုးလာခဲ့တာပါ။
ဒါကြောင့် ထောင်သောင်းချီနေတဲ့ အရပ်သားတွေ ပိတ်မိနေပြီး သူတို့ရဲ့ လူသားချင်းစာနာမှု အခြေအနေတွေ ပိုဆိုးရွားခဲ့ပါတယ်။
ကျန်ခဲ့တဲ့ ဇွန် ၁၆ ရက်က ၄၈ နာရီကြာ အပစ်အခတ် ရပ်စဲတယ်လို့ ကြေညာအပြီး နာရီပိုင်းအတွင်း အလက်ပိုမြို့က သူပုန်တွေ တပ်စွဲထားတဲ့ အစိတ်အပိုင်းတွေကို လေကြောင်းပစ်ခတ်မှုတွေ ထိမှန်ခဲ့တယ်လို့ စောင့်ကြည့်သူတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အလက်ပိုမြို့ဟာ ဆီးရီးယား ပြည်တွင်းစစ် မဖြစ်ခင်က အကြီးဆုံးမြို့ဖြစ်ပြီး လူ ၂ သန်းကျော် နေထိုင်ရာ မြို့ကြီးပါ။
ခုတော့ သူပုန်တပ်စွဲတဲ့အပိုင်းနဲ့ အစိုးရတပ်စွဲတဲ့ အပိုင်းဆိုပြီး ပိုင်းခြားထားပါတယ်။
ဒီမြို့ကို ပြန်သိမ်းရေးဟာ သမ္မတ ဘတ်ရှားအယ်လ် အာဆတ်ရဲ့ ဗျူဟာမြောက် အဓိက ရည်ရွယ်ချက်လည်း ဖြစ်ပါတယ်။