Home
မြန်မာသတင်း
ထိုင်းဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည် ပြန်ပို့ရေး ဆွေးနွေးမည်
DVB
·
June 22, 2016
ထိုင်းမြန်မာနယ်စပ်မှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၁ သိန်းကျော်ကို ပြန်ပို့ရေး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ၂ နိုင်ငံဆက်ဆံရေး ပိုမို တိုးတက်ကောင်းမွန်ဖို့ အတွက်  ထိုင်းနိုင်ငံကို ဇွန် ၂၃ ရက်ကနေ ၂၅ ရက်အထိ ၃ ရက်ကြာ သွားရောက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဇွန် ၂၄ ရက်မှာတော့ ထိုင်းဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှာ ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ ဒုက္ခသည်အရေးတွေကို ဆွေးနွေးမှာလို့ ထိုင်း နေရှင်း သတင်းက ရေးပါတယ်။ ထိုင်းက မြန်မာကို ဒုက္ခသည်တွေကို ပြန်ပို့ဖို့ အမြဲ စိတ်အားထက်သန်နေပေမယ့် နည်းပညာနဲ့ ဥပဒေဆိုင်ရာ အတားအဆီး အကန့်အသတ်တွေ ရှိနေတယ်လို့ အစိုးရ လက်ထောက် ပြောခွင့်ရကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို ပြန်ပို့ရေး အကြံအစည်ဟာ ထိုင်းလုံခြုံရေး အဖွဲ့အစည်းတွေကြားထဲမှာ အချိန်ကြာမြင့်စွာရှိနေတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံရေး ပြဿနာနဲ့ ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အနည်းငယ်သာ အကောင်ထည်ဖော်နိုင်တယ်လို့ ဆိုပါတယ်။ အရင် ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရင် ဒုက္ခသည်တွေကို ပြန်လည်ခေါ်ဆောင်ရေးအတွက် ရှင်းလင်းတဲ့ မူဝါဒရှိတယ်လို့ သတင်းက ရေးပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပရာယွတ်တို့ တွေ့ဆုံရာမှာတော့ မြန်မာနိုင်ငံ အနောက်ဖက် ဘင်္ဂလားပင်လယ်အော်ကနေ လှေစီးဝင်ရောက်လာပြီး ထိုင်းမှာ ထိန်းသိမ်းခံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေးကိုတော့ ဆွေးနွေးသွားဖွယ်မရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ၁၉၈၀ ပြည့်နှစ်ကနေ စတင်ပြီး ထိုင်းမြန်မာ နယ်စပ်မှာ ဒုက္ခသည် စခန်း ၉ ခု ရှိပြီး ဒုက္ခသည် ၁ သိန်း ၅ ထောင်ကျော် ခိုလှုံနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာလည်း  ရပ်ချဘူရီမှာရှိတဲ့ ထမ်ဟင်ဒုက္ခသည် စခန်းကို သွားရောက်ဖို့ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024