ထိုင်းတွင် အီး-စီးကရက် သုံးစွဲရောင်းချပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်ထိ ချမှတ်မည်

ထိုင်းနိုင်ငံမှာ အီး-စီးကရက် လက်ဝယ်ပိုင်ဆိုင်ထားရှိသူတွေကို ထောင်ဒဏ် ၅ နှစ်ထိ ပြစ်ဒဏ်ချမှတ်မယ်လို့ အွန်လိုင်း နာမည်ကျော်ရဲဌာန စာမျက်နှာတခုဖြစ်တဲ့ “မာ့တ်ကာ” က အတည်ပြုလိုက်ပါတယ်။ ဥပဒေကို ချိုးဖောက်တဲ့ အီး-စီးကရက် အသုံးပြုသူတွေကို ထောင်ဒဏ် ၅ နှစ်နဲ့ ထုတ်လုပ်သူတွေကို ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ်ချမှတ်မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ တရားရေးဝန်ကြီးဌာနရဲ့ တားမြစ်မူးယစ်ဆေးဝါးစာရင်းထဲမှာ အက်ဖီတမင်း ပါဝင်လာခဲ့ပြီးနောက်မှာ ထိုင်းနိုင်ငံရှိ “မာ့တ်ကာ” အမည်ရ အွန်လိုင်းရဲဌာနမှ ရဲအရာရှိ ဆီရီ ရတ် ပီရန်ကူရဲ့ အကြံပြုချက်အနေနဲ့ ခုလို အရေးယူဖို့ ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် ဒီ အီး-စီးကရက်ကို တရားဝင် အသုံးပြုခွင့် ပေးထားသလား ဆိုတဲ့အပေါ်မှာ ရှုပ်ထွေးမှုတွေ ရှိနေပါသေးတယ်။ အီး-စီးကရက်တွေဟာ ထိုင်းနိုင်ငံမှာ အခွန်စည်းကြပ်မှုမဲ့ ကုန်စည်တမျိုးအဖြစ် ရှိနေခဲ့တာဖြစ်ပြီး ဒါတွေကို လက်ဝယ်ထားရှိ ပိုင်ဆိုင်တာတွေနဲ့ ပတ်သက်ပြီး အထူးတလည် တားမြစ်ထားတဲ့ ဥပဒေ ရှိမနေဘူးလို့ ဆီရီရတ်က ပြောပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို လက်ဝယ်ထားရှိတဲ့ ပစ္စည်းတန်ဖိုးရဲ့ ၄ ဆ၊ ဒါမှမဟုတ် ထောင်ဒဏ် ၅ နှစ်၊ ဒါမှမဟုတ် ထောင်ဒဏ်နဲ့ ငွေဒဏ် ၂ ရပ်လုံး ကျခံစေမယ်လို့ ဆိုပါတယ်။ အီး-စီးကရက် တရားမ၀င် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူတွေကိုတော့ ထောင်ဒဏ် ၁၀ နှစ်၊ ဒါမှမဟုတ် လက်ဝယ်ရှိ ကုန်စည်တန်ဖိုးရဲ့ ၅ ဆ၊ ဒါမှမဟုတ် ထောင်ဒဏ်နဲ့ ငွေဒဏ် ၂ ရပ်ပေါင်း ကျခံရမှာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလကတည်းက လွှတ်တော်မှ အတည်ပြုလိုက်တဲ့ ဥပဒေပေါ် အခြေခံပြီး ထွက်ပေါ်လာတာလို့ ထိုင်းအခြေစိုက် ပတ္တယားဝမ်းသတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ အီး-စီးကရက်သုံးစွဲတာတွေ၊ အရောင်းမြှင့်တင်တာတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကိုပါ တားမြစ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up