Home
မြန်မာသတင်း
အသားငါးမပုပ်အောင် လက်ချားဆေးထည့်ခြင်းသည် ကျန်းမာရေးအတွက် အန္တရာယ်ရှိကြောင်း ထိုင်းထုတ်ပြန်
DVB
·
June 21, 2016
အသားငါးတွေ မပုပ်သိုးဘဲ တာရှည်အထားခံအောင် လက်ချားဆေးမှုန့် ထည့်သုံးခြင်းဟာ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေတယ်လို့ ထိုင်းနိုင်ငံ စားသုံးသူများအကာအကွယ်ပေးရေး ဆိုင်ရာ ရာဇ၀တ်မှုနှိမ်နှင်းရေးအဖွဲ့က ထုတ်ပြန်တယ်လို့  ထိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။ သူတို့အဖွဲ့ဟာ ကျန်းမာရေးဌာန ၀န်ထမ်းတွေနဲ့အတူ  ဇွန်လ ၂၀ ရက်နေ့က ထိုငိးနိုင်ငံ    ပထုန်ဌာနီခရိုင် လမ်လုတ်ကာမြို့ရှိ ဈေးထဲရောင်းချနေတဲ့ အသားငါးတွေ ၀င်ရောက်စစ်ဆေး ပြီးတဲ့နောက် ခုလိုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ လမ်လုတ်ကာမြို့ ဆီမွန်းမိုင်ဈေးထဲမှာ အသားငါးတွေ မပုပ်အောင် လက်ချားဆေးမှုန့် ထည့် သုံးကြောင်း တိုင်ကြားချက်အရ  အသားဆိုင်ခန်းပေါင်း ၃၆ ဆိုင်ကို စစ်ဆေးရာမှာ ၀က်သားဆိုင် ၈ ဆိုင်က လက်ချားဆေးတွေ  ထည့်သုံးထားတာ တွေ့ရတယ်လို့ အမှတ် ၄ ဒေသ စားသုံး သူများအကာအကွယ်ပေးရေးဆိုင်ရာ ရာဇ၀တ်မှုနှိမ်နှင်းရေးဌာန ဒုညွှန်မှူး ဒုဗိုလ်မှူးကြီး အဖိချိုင်း လိုင်းအွန်က  သတင်းထောက်တွေကို ပြောပါတယ်။ ဈေးသည်တွေကလည်း အထားခံဆေးသုံးမိကြောင်း ၀န်ခံပြီး တချို့စားသုံးသူတွေကိုယ်တိုင်က ထည့်ပေးဖို့ လိုလားကြောင်းလည်း ပြောပါတယ်။ ပထုန်ဌာနီခရိုင် လက်ထောက်ကျန်းမာရေးမှူး ဒေါက်တာ ကဆစ်ကျောက်ကတော့ အထားခံ ဆေးတွေထည့်ထားတဲ့ အသားကိုစားမိရင် ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းတွေ ဖြစ်တတ်ကြောင်း၊  ဒါပေမယ့် အသားငါးထဲ လက်ချားဆေးမှုန့် ပါမပါကို သာမာန်မျက်စေ့နဲ့ မမြင်နိုင်တဲ့အတွက် စားသုံးသူတွေအနေနဲ့ အသားငါးဝယ်တော့မယ်ဆိုရင် သာမန်ထက်ပိုပြီး မာနေတဲ့အသား၊ သာမန်ထက်ပိုပြီး အနီရောင်သန်းနေတဲ့အသား၊ ပုပ်ချိန်တန်ပါလျှက် မပုပ်သေးတဲ့ အသားတွေကို ရှောင်ရှားဝယ်ယူဖို့ သတိပေးပြောကြားပါတယ်။ စားသုံးသူများအန္တရာယ်ရှိစေတဲ့ ပစ္စည်းကို ထည့်သွင်းသုံးစွဲကြောင်း ပြစ်မှုထင်ရှားရင် အစားအစာ ဆိုင်ရာဥပဒေအရ ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၂ သောင်း ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်၂ ရပ်လုံးကျခံရမယ်လို့  ဒုဗိုလ်မှူးကြီး အဖိချိုင်း လိုင်းအွန်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024