မန္တလေးမြို့တွင် လိုင်စင်မဲ့ကား ၃၆ စီး စံချိန်တင် ဖမ်းဆီးရမိ

မန္တလေးမြို့မှာ လိုင်စင်မဲ့မော်တော်ကား ၃၆ စီးကို ဇွန်လ ၂၀ ရက်နေ့က စံချိန်တင် ဖမ်းဆီးရမိခဲ့ပါတယ်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်မြေရွှေဘုံ ကျောင်းတိုက်ထဲက သာသနာ့ဗိမာန် ကျောင်းဝင်းထဲမှာ လိုင်စင်မဲ့ကား ၂၇ စီးနဲ့ ရန်ကုန်-မန္တလေးကားလမ်းနံဘေးက သာသနရံသီအတုလကာရီ ကျောင်းထဲက ကားဘော်ဒီ ပြုပြင်ရေးဆိုင်က ၉ စီး စုစုပေါင်း လိုင်စင်မဲ့ကား ၃၆ စီးကို မန္တလေးခရိုင်ရဲတပ်ဖွဲမှူး ဦးစိန်ထွန်းနဲ့အဖွဲ့က ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။ “တာဝန်သိ ပြည်သူတဦးကနေ သတင်းပေးတယ်။ ဒီနေရာမှာတော့ ၀စ်သောက် (without) ယာဉ်တွေ ရှိနေတယ်လို့ အောင်မြေသာစံ ဒု-မြို့နယ်မှူးကို သတင်းပေးချက်အရ ကျနော်တို့က သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့၊ ဘုန်းကြီးကျောင်းဝင်းဖြစ်တဲ့ အတွက်ကြောင့် သာသနာရေးတို့၊ ယာဉ်ထိန်းတို့၊ လ၀ကတို့ အကုန်လုံးကိုခေါ်ပြီးတော့ အဖွဲ့အစည်းပေါင်းစုံနဲ့ မနက် ၈ နာရီမှာ ချမ်းမြသာစည်မြို့နယ် အောင်မြေရွှေဘုံကျောင်းကို ၀င်ရောက်ပြီးတော့ ရှာတဲ့အခါမှာ လိုင်စင်မဲ့ယာဉ် ၂၇ စီး တွေ့ပြီးတော့၊ သူတို့ကို ခေါ်ပြီး ထပ်မံပြီးတော့ မေးမြန်းစုံစမ်းတဲ့အခါမှာ ကျန် ၉ စီးကလည်း ကျနော်တို့ ချမ်းမြသာစည်မြို့နယ်မှာပဲ သာသနရံသီအတုလကာရီ ဘုန်းကြီးကျောင်းထဲဝင်းထဲမှာ ထားထားတယ်ဆိုပြီးတော့ ထပ်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ဆက်သွားတဲ့အခါမှာ ဒီ ၉ စီးကို ထပ်ပြီးတော့ သိမ်းဆည်းနိုင်ခဲ့တယ်” လို့ မန္တလေးခရိုင်ရဲတပ်ဖွဲမှူး ဦးစိန်ထွန်းက ပြောပါတယ်။ အခုလို လိုင်စင်မဲ့ကားတွေကို တစုတစည်းတည်း ဖမ်းဆီးရမိတာဟာ မန္တလေးမြို့မှာ ပထမဆုံးအကြိမ် အများဆုံး ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ လိုင်စင်မဲ့ကားတွေနဲ့ ပတ်သက်ပြီး တရားခံလို့ ယူဆရတဲ့ ကိုနိုင် (ခ) အောင်နိုင်ဦးနဲ့ ရဲမင်းထက်တို့နှစ်ဦးကို မန္တလေးမြို့ အမှတ် ၁၁ မြို့မရဲစခန်းက အမှုအမှတ် ၂၉၁/၂၀၁၆ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ အခုဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားတွေနဲ့ ပတ်သက်ပြီး ဆက်စပ်တရားခံတွေကို ဆက်လက်ဖော်ထုတ် အရေးယူသွားမယ်လို့လည်း ပြောပါတယ်။ သတင်း - ငြိမ်းမိုးနောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up