မြန်မာနိုင်ငံအား ရုပ်ပိုင်း၊ အသိပညာပိုင်း ပံ့ပိုးကြပါရန် ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

ဓာတ်ပုံ - Ministry of Foreign Affairs Myanmar
1.8K
မြန်မာနိုင်ငံကို ရုပ်ပိုင်းဆိုင်ရာအကူအညီသာမက အသိပညာပိုင်းဆိုင်ရာ အကူအညီတွေလည်း ပံ့ပိုးပေးကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပန်ကြားတောင်းဆိုပါတယ်။
နေပြည်တော်မှာ ဒီမနက်ကျင်းပတဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့ရဲ့ "IDA- 182 th Replenishment Meeting" မှာ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာအစိုးရအနေနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး တို့ကို ဆောင်ရွက်နေကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင် ကျော်လွှားနေရကြောင်း၊ ကျား/မ တန်းတူညီတူ ဖွံ့ဖြိုးတိုးတက်မှုရှိရေးနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးမှုတို့ကို ဆောင်ရွက်နေကြောင်း၊ အုပ်ချုပ်မှုယန္တရားကို ကောင်းမွန်ဖွံ့ဖြိုးပြီး Good Governance ဖြစ်စေရန်ဆောင်ရွက်နေကြောင်း၊ ဒါကြောင့် အစည်းအဝေး တက်ရောက်လာ ကြတဲ့ နိုင်ငံများအနေနဲ့ ၀ိုင်းဝန်းပံ့ပိုးကူညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါ တယ်။
နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့ဟာ ကမ္ဘာ့ဘဏ်အုပ်စုဝင် အဖွဲ့အစည်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၃ နိုင်ငံမှ ရှယ်ယာဝင်တွေအဖြစ်ပါဝင်ကြောင်းနဲ့ ဒီအဖွဲ့ ဟာ ကမ္ဘာ့ဝင်ငွေအနည်းဆုံး နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးရေး၊ ကျား/မ တန်းတူရှိရေးနဲ့ ပြည်သူ တွေ လူနေမှုအဆင့်အတန်း မြှင့်တင်ပေးရေးဆိုင်ရာစီမံချက်တွေအတွက် အတိုးနှုန်းသက်သာစွာ နဲ့ ချေးငွေတွေ ပံ့ပိုးနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စကို ဦးစားပေး အဆင့်အဖြစ် လုပ်ဆောင်မယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီလက်အောက်မှာ နှစ်ပေါင်းများစွာ အထီးကျန်ခဲ့တဲ့ နိုင်ငံအတွင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်ယိုယွင်းမှု၊ စာရိတ္တမဏ္ဍိုင်နိမ့်ကျမှု စတာတွေ၊ အလုပ်လက်မဲ့ ပြဿနာ၊ ဒုက္ခသည်၊ မြေမြှုပ်မိုင်းစတဲ့ ပြဿနာပေါင်း အများအပြားဟာလည်း အစိုးရသစ်ကို စိန်ခေါ်နေတာဖြစ်ပါတယ်။