ဘယ်လ်ဂျီယံတွင် ဗုံးသတိပေးချက်ကြောင့် စစ်ဆင်ရေးလုပ်၊ လူ ၁ ဦးကို ဖမ်းဆီး

ဘရပ်ဆဲလ်မြို့လယ်ရှိ စီးတီး ၂ ဈေးဝယ်စင်တာ။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
733
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့လယ်က ဈေးဝယ်စင်တာမှာ ဗုံးသတိပေးချက်ကြောင့် လုပ်ဆောင်တဲ့ အကြမ်းဖက် တိုက်ဖျက်မှု စစ်ဆင်ရေးမှာ လူတဦးကို ဖမ်းဆီးလိုက်ပါတယ်။
ဇွန် ၂၁ ရက် မနက်ပိုင်းက လူတဦးက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ခန္ဓာကိုယ်ပေါ်မှာ တပ်ဆင်ထားတဲ့အကြောင်း ရဲတွေကို ဖုန်းဆက်ပြောဆိုခဲ့တယ်လို့ ဘယ်လ်ဂျီယံ မီဒီယာတွေက ရေးပါတယ်။
လုံခြုံရေး အရာရှိတွေကတော့ ဒီလိုပြောဆိုခဲ့တဲ့ လူဆီမှာ ဘာတခုမှ ရှာမတွေ့ဘဲ ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
စီးတီး ၂ ဈေးဝယ်စင်တာအနီးမှာရှိတဲ့ လမ်းတွေကိုလည်း ပိတ်လိုက်ပြီး ဗုံးဖယ်ရှားတဲ့ အဖွဲ့ကလည်း ဒီနေရာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ အရေးပေါ်တုံ့ပြန်ရေး အဖွဲ့တွေနဲ့ တွေ့ဆုံပြီး ၀န်ကြီးချုပ် ချားလ် မိုက်ကယ်က ပြောပါတယ်။
လုံခြုံရေးကတော့ သတိကြီးကြီး ရှိနေတယ်လို့ ဆိုပါတယ်။
မတ်လက ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်လေဆိပ်နဲ့ မြေအောက်ရထား ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၃၂ ဦး သေဆုံးခဲ့ပါတယ်။
တိုက်ခိုက်မှုကို အစ္စလာမ္မစ်နိုင်ငံက လုပ်ဆောင်ခဲ့တာလို့ ကြေညာခဲ့ပါတယ်။