အာရပ်နှင့် ထိုင်းအမျိုးသားတို့၏ သွေးထွက်သံယိုရန်ပွဲ အင်တာနက်တွင် ပျံ့နှံ့ (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ပတ္တယားကမ်းခြေမှာ ဖြစ်ခဲ့တဲ့ အာရပ်လူမျိုးတဦးနဲ့ ထိုင်းလူမျိုးတဦးတို့ရဲ့ သွေးထွက်သံယို တိုက်ခိုက်မှု ရုပ်သံဗွီဒီယိုဖိုင်ဟာ ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ လတ်တလော ပျံ့နှံ့နေတယ်လို့ ပတ္တယားဝမ်းသတင်းမှာ ဖော်ပြပါတယ်။
ဇွန်လ ၁၉ ရက်နေ့မှာ ယူကျု အင်တာနက်စာမျက်နှာမှတဆင့် မျှဝေခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သူတို့ ၂ ဦးဟာ နေ့ခင်းကြောင်တောင်အချိန် လူသူထူထပ်တဲ့ လမ်းမပေါ်မှာ ဓားကိုင်တိုက်ခိုက်ခဲ့ကြတာကို တွေ့ရပါတယ်။
သူတို့တိုက်ခိုက်ခဲ့တဲ့ အနီးမှာလည်း ထိုင်းလူမျိုးတွေရော နိုင်ငံခြားသားတွေပါ မျက်မြင်ရှိနေခဲ့ကြတာပါ။
အရက်အလွန်အကျွံသောက်ထားပုံပေါ်တဲ့ ထိုင်းအမျိုးသားက မရပ်တန့်ဘဲ တဘက်သတ် တိုက်ခိုက်နေခဲ့တာဖြစ်ပြီး အာရပ်အမျိုးသားကတော့ တိုက်ခိုက်လိုပုံ မပေါ်ဘူးလို့ ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာ ဖော်ပြခဲ့တာပါ။
ထိုင်းအမျိုးသားရဲ့ သူငယ်ချင်းဖြစ်ဟန်တူသူက တခြားလူတွေကိုပါ ဖုန်းဆက်ခေါ်ပြီး ရန်ပွဲထဲပါဝင်လာဖို့ လက်နက်ကိုင်ဆောင်ယူလာဖို့ ပြောခဲ့တဲ့အချိန်မှာ အခြေအနေဟာ ပိုမိုဆိုးဝါးလာခဲ့ပြီး တခြားသူတွေကပါ ၀ိုင်းပြီး ဓားတွေ၊ လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာကို တွေ့ရပါတယ်။
ဒီရန်ပွဲရုပ်သံဗွီဒီယိုဖိုင် ပျံ့နှံ့လာခဲ့ပြီးနောက်မှာတော့ ရန်ပွဲဖြစ်ခဲ့တဲ့နေရာက အခြေအနေတွေဟာ သူ့အလိုအလျောက်ဖြစ်တာလား၊ ဒါမှမဟုတ် ရုပ်သံဗွီဒီယိုဖိုင်တင်သူမှာ တခြားရည်ရွယ်ချက်တွေ ရှိနေသလားဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။