ဒီမိုကရေစီနည်းကျ လူထုရွေးထားသည့် ရွာသူကြီးကို ဖမ်းဆီးမှု တရုတ်ရွာသူရွာသားများ ဆန္ဒပြ

ဓာတ်ပုံ - ရိုက်တာ
621
တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုံပြည်နယ်ထဲမှာ ဒီမိုကရေစီနည်းကျ လူထုက တိုက်ရိုက်ရွေးကောက်ထားတဲ့ ရွာသူကြီးကို အာဏာပို်င်တွေက ဖမ်းဆီးသွားတဲ့အတွက် ရွာသူရွာသားတွေ ၃၀၀၀ လောက် ဇွန် ၁၉ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ကွမ်တုံပြည်နယ်ထဲက ၀ူကန် (Wukan) ကျေးရွာ ရွာခံတွေ တရုတ်အလံကို ဝှေ့ယမ်းပြီး ရွာသူကြီးကို ပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။
အာဏာပိုင်တွေ ဖမ်းဆီးသွားတဲ့ ရွာသူကြီးဟာ ဒေသခံတွေအပေါ် ကူညီရိုင်းပင်းသူ တဦးဖြစ်ပြီး နိုင်ငံနဲ့ ကွန်မြူနစ်ပါတီအပေါ် သစ္စာခံသူ၊ ပြစ်မှုတစုံတရာ မရှိသူလို့ ဆန္ဒပြသူတဦးက စင်ပေါ်တက်ပြီး ဟောပြောခဲ့ပါတယ်။
၂၀၁၁ ခုနှစ်က ဒီ ၀ူကန်ကျေးရွာမှာ အာဏာပိုင်တွေ အဂတိလိုက်စားပြီး လယ်သိမ်း မြေသိမ်းခဲ့တာတွေကြောင့် ရွာခံပြည်သူတွေနဲ့ လုံခြုံရေးအာဏာပိုင်တွေ တုတ် ဓားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့အတွက် နိုင်ငံတကာ မီဒီယာတွေမှာ ဟိုးလေးတကျော် ဖြစ်ခဲ့တာပါ။
အဲလိုဖြစ်ခဲ့တဲ့အတွက် ကွမ်တုံပြည်နယ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေက ရွာသူရွာသားတွေနဲ့ ပြဿနာတက်ခဲ့တဲ့ သူကြီးကို ဖြုတ်ချပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲနဲ့ သူကြီးသစ်ကို လူထုက တိုက်ရိုက်ရွေးကောက်စေခဲ့ပြီး အခုဖမ်းဆီးခံရတဲ့ သူကြီးကို တင်မြှောက်ခဲ့တာပါ။
အခုတခါ လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ရွာသူကြီးကို အာဏာအလွဲသုံးစားမှု စွပ်စွဲချက်နဲ့ အာဏာပိုင်တွေက ဖမ်းဆီးသွားပြန်တာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်က လူထု ရွေးကောက်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေး ကော်မတီဝင်တွေလည်း ဖြုတ်ထုတ်ခံနေရပြီး လူထုက ဖြုတ်ချခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို ပြန်ပြီး နေရာပေးနေတယ်လို့ ဆိုပါတယ်။