ဒစ္စနေးဥယျာဉ် ကစားကွင်းထဲမှ မိကျောင်းကို တုတ်ဖြင့်ထိုးချသည့် ရုပ်သံဖိုင် ဝေဖန်ခံရ

နာမည်ကျော် ဒစ္စနေးဥယျာဉ်ကမ္ဘာမှ ၀န်ထမ်းတဦးဟာ လာရောက်လည်ပတ်သူတွေ Splash Mountain ကစားနည်းနဲ့ ကစားနေချိန် ၁ မီတာလောက် အကွာအဝေးမှာ မိကျောင်းတကောင်ကို ရေသွယ်မြောင်းတခုတွင်း တုတ်နဲ့ထိုးချခဲ့တဲ့ ရုပ်သံဖိုင်ဟာ ပျံ့နှံ့နေပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဒစ္စနေး အပန်းဖြေဟိုတယ်မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မိကျောင်းဆွဲခဲ့ပြီးနောက်မှာ ခုလို ထွက်ပေါ်လာမှုအတွက် ကုမ္ပဏီအနေနဲ့ ဒီအခြေအနေတွေကို သိသင့်တယ်ဆိုပြီး မေးခွန်းတွေ မြင့်တက်လာခဲ့တာပါ။
မိကျောင်းဟာ အများပြည်သူ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ရေပြင်အနီးမှာ ရှိနေခဲ့တာဖြစ်ပြီး ကုန်းပေါ်တက်ဖို့ ကြိုးစားခဲ့တာပါ။
အဲဒါကို အမျိုးသားဝန်ထမ်းတဦးက အနီးက ရေသွယ်မြောင်းတခုထဲကို တုတ်နဲ့ထိုးချဖို့ ကြိုးစားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အသည်းယားစဖွယ် တွေ့ရပါတယ်။
Splash Mountain ကစားနည်းဟာ ဒစ္စနေးဥယျာဉ်ကမ္ဘာရဲ့ ကျော်ကြားတဲ့ ကစားနည်းတွေထဲက တခုဖြစ်ပြီး ဒီ ရေသွယ်မြောင်းဟာ မိကျောင်းဆွဲခံရပြီး ကလေးငယ် သေဆုံးခဲ့တဲ့၊ ဒစ္စနေးကပဲ ပိုင်ဆိုင်တဲ့ အပန်းဖြေဟိုတယ်အနီးမှာ တည်ရှိနေတာလို့ ဆိုပါတယ်။
ကလေးငယ် သေဆုံးပြီးနောက်မှာတော့ ဒစ္စနေးအနေနဲ့ မိဘတွေ၊ အပန်းဖြေဥယျာဉ်ကို လာရောက်လည်ပတ်ကြသူတွေကို တွားသွားသတ္တ၀ါတွေနဲ့ ပတ်သက်ပြီး အန္တရာယ်ရှိကြောင်း သတိပေးတာတွေ ပိုမိုလုပ်ဆောင်သင့်တယ်လို့ ဝေဖန်နေကြတာပါ။
ကမ်းခြေတလျှောက်မှာ ခြံစည်းရိုး ကာရံထားတာမျိုးတွေလည်း မရှိခဲ့ဘဲ အပန်းဖြေ လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေဟာ မိကျောင်းတွေကို အစာကျွေးတာမျိုးတွေလည်း လုပ်ခွင့်ပေးထားခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဒစ္စနေးရဲ့ ထုတ်ပြန်ချက်မှာတော့ သူတို့အနေနဲ့ လုံခြုံရေးဆိုင်ရာ သုံးသပ်ချက်တွေကို အလျင်မြန်ဆုံး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောလိုက်တာပါ။