Live
Home
ဆောင်းပါး
အော်လန်ဒို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မှုကြီး
DVB
·
June 20, 2016
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ဖလ်ာရီဒါပြည်နယ် အော်လန်ဒို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မှုကတော့ နိုင်ငံမှာ အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရတဲ့ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်းမှာ အသေအပျောက်အများဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်တယ်လို့ အမေရိကန် အာဏာာပိုင်တွေက ပြောဆိုခဲ့ကြပါတယ်။ အော်လန်ဒိုမှာရှိတဲ့ လိင်တူချစ်သူတွေရဲ့ ပါ့စ် ညကလပ်ထဲကို အိုမာမက်တင်းဆိုတဲ့ လူတယောက်က ၀င်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့လို့ လူ ၄၉ ယောက် သေဆုံးခဲ့ရတဲ့အတွက် ဒီလို ပစ်ခတ်တိုက်ခိုက်မှုမျိုးမှာ လူသေဆုံးမှု အများဆုံးလို့ ပြောရမှာပဲ ဖြစ်ပါတယ်။ သူ့ကြည့်ရတာ ကြိုတင်ကြံစည် အသေအချာ စီစဉ်ထားခဲ့ပုံရတယ်လို့ အော်လန်ဒို ပုလိပ်တပ်ဖွဲ့ အကြီးအကဲ ဂျွန်မီနာက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အက်ဖ်ဘီအိုင်ကတော့ ဖလော်ရီဒါပြည်နယ် ဖော့ထ်ပီးယာ့စ်က လုံခြုံရေးအစောင့် လုပ်ကိုင်နေတဲ့ အကြမ်းဖက်စောင့်ကြည့် စာရင်းမှာ ထည့်သွင်းထားတဲ့ မက်တင်း (၂၉ နှစ်) ကို ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်မှာ ၂ ကြိမ် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ဖူးပြီး အန္တရာယ်ရှိနိုင်ပုံစံမျိုး မတွေ့ခဲ့ရဘူးလို့ ဆိုခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးတွေကတော့ သေနတ်သမားဟာ အင်တာနက်ကနေ ဂျီဟတ် အကြမ်းဖက်သမားတွေရဲ့ ၀ါဒဖြန့်တာတွေကို ဖတ်ပြီး ကိုယ်တိုင်က တိုက်ခိုက်ပြောင်းလဲမှု လုပ်ချင်လာသူဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်ကြပါတယ်။ အိုမာမက်တင်းဟာ တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ပါ့စ် လိင်တူချစ်သူ ကလပ်ထဲမှာ ရှိနေတဲ့ လူ ၁၀၀ လောက်ထဲကို သူကိုင်ဆောင်သွားတဲ့ အေအာ-၁၅ တိုက်ခိုက်ရေး မောင်းပြန်ရိုင်ဖယ်သေနတ်၊ ၉ မီလီမီတာ ပစ်စတိုသေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူ ၄၉ ယောက် သေဆုံးပြီး အနည်းဆုံး ၅၃ ယောက် ဒဏ်ရာရရှိသွားခဲ့ကြပါတယ်။ မက်တင်းဟာ ကလပ်ထဲကလူတွေနဲ့ ၃ နာရီကြာ အချေအတင် ဖြစ်နေခဲ့တဲ့အချိန်မှာ ကလပ်ထဲမှာ ပိတ်မိနေသူတွေက သူတို့ရဲ့ မိတ်ဆွေတွေနဲ့ ဆွေမျိုးသားချင်းတွေဆီကို မက်ဆေ့ဂ်ျတွေ ပို့ခဲ့ကြပေမယ့် သူတို့တွေကို မက်တင်းက ပစ်ခတ်တိုက်ခိုက်နေတဲ့ အချိန်မှာမှ ပုလိပ်တပ်ဖွဲ့က သံချပ်ကာယာဉ်နဲ့ ထိုးခွဲဝင်ရောက်နိုင်ခဲ့ပြီး မက်တင်းကို အသေပစ်ခတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်ဂျီဟတ်အဖွဲ့ကမှ သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ ဒါပေမယ့် အိုင်အက်စ် တိမ်းညွတ်သူတွေကတော့  အစ္စလမ္မစ်နိုင်ငံတော်ကို ထောက်ခံတဲ့လုပ်ရပ် ဖြစ်တယ်လို့ ချီးကျူးပြောဆိုတာတွေတော့ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားကတော့ အိမ်ဖြူတော်ကနေ နိုင်ငံကို ပြောကြားတဲ့ သူ့ရဲ့မိန့်ခွန်းထဲမှာ ဒါဟာ အကြမ်းဖက်ရက်စက်မှုတခု ဖြစ်သလို အမုန်းတရားရဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ ပြောရမှာပါပဲလို့ ပြောဆိုခဲ့ပါတယ်။ ဘယ်အမေရိကန် လူ့အဖွဲ့အစည်းကိုမဆို အတိုက်ခိုက်ခံရနိုင်နေတဲ့အချိန်မှာ ကျနော်တို့ရဲ့ မိတ်ဆွေတွေဖြစ်ကြတဲ့ လိင်တူဆက်ဆံသူတွေ၊ လိင်နှစ်မျိုးစလုံး ဆက်ဆံသူတွေနဲ့ လိင်ပြောင်းထားသူတွေ အတွက်ကတော့ တကယ့်ကို ကြေကွဲဝမ်းနည်းစရာနေ့ ဖြစ်သွားခဲ့ရပါပြီလို့လည်း သူက ဆက်ပြောခဲ့ပါသေးတယ်။ တကယ်တော့ မက်တင်းဟာ တခြားနိုင်ငံက အမေရိကန်နိုင်ငံထဲကို ၀င်ရောက်နေထိုင်သူတယောက် မဟုတ်ပါဘူး။ သူ့ကို ၁၉၈၆ ခုနှစ်မှာ နယူယောက်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ သိပ်မကြာသေးခင်ကပဲ အော်လန်ဒိုရဲ့ အရှေ့တောင်ဘက် မိုင် ၁၂၀ လောက်အကွာမှာရှိတဲ့ ဖော့ထ်ပီးယာ့စ်ကို ပြောင်းရွှေ့နေထိုင်ခဲ့တာပါ။ မက်တင်းရဲ့ မိဘတွေကတော့ အာဖဂန်နစ္စတန်နိုင်ငံက ရွှေ့ပြောင်းလာကြသူတွေ ဖြစ်ပါတယ်။ သူတို့က မက်တင်းဟာ မိုင်ယာမီမှာ ယောက်ျား ၂ ယောက်နမ်းနေတာကို တွေ့မြင်ခဲ့ရပြီး ဒေါသဖြစ်မိတယ်လို့ ပြောခဲ့ဖူးတယ်လို့ ပြောပြသလို သူ့ကို ဘာသာတရားကြောင့် လုပ်တာလို့ သူတို့ မထင်တဲ့အကြောင်း၊ အိုင်အက်စ်တွေနဲ့ အဆက်အသွယ် တစုံတရာ ရှိမရှိကိုလည်း မသိခဲ့ရကြောင်း ပြောပြပါတယ်။ ပုလိပ်အဖွဲ့ကတော့ တခြား ဖောက်ခွဲပစ္စည်းတွေများ ရှိဦးမလားဆိုတဲ့ စိုးရိမ်မှုနဲ့ မက်တင်းနေထိုင်တဲ့ တိုက်ခန်းတွဲမှာ နေထိုင်နေကြတဲ့ လူပေါင်း ၂၀၀ လောက်ကို တိုက်ခန်းက ဖယ်ရှားစေပြီး အသေအချာ ရှာဖွေခဲ့ကြပါတယ်။ မက်တင်းဟာ ၂၀၀၉ ခုနှစ်မှာ ဥဇဘက်ကစ္စတန်ဇာတိ ဆစ်တိုရာယူဆူမီနဲ့ လက်ထပ်ခဲ့တယ် ဆိုတာကို လက်ထပ်လိုင်စင်အရ သိရပြီး ၂၀၁၁ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ သူ့ဇနီးဟောင်းကို စီအင်အင် သတင်းဌာနက ကော်လိုရာဒိုပြည်နယ် ဘိုလ်ဒါမှာ တွေ့ဆုံမေးမြန်းခဲ့တဲ့အချိန်မှာ သူနဲ့ မက်တင်းဟာ ၄ လပဲ အတူနေခဲ့ပေမယ့် ခွဲခွာပြီးတဲ့နောက် ပြည်နယ်အရပါ နေထိုင်တာ မတူတာကြောင့် ကွာရှင်းပြတ်စဲမှု ပြီးစီးအောင် အချိန်အကြာကြီး ယူခဲ့ရတယ်လို့ ဖြေကြားခဲ့ပါတယ်။ သူက အစပိုင်းမှာတော့ မက်တင်းဟာ ပုံမှန် လင်ယောက်ျားတယောက်လိုပဲဖြစ်ပြီး လနည်းနည်းရလာတဲ့ အချိန်မှာ သူ့ကို အကြမ်းဖက် ဆက်ဆံလာခဲ့တယ်လို့လည်း ပြောပါတယ်။ သူဟာ လိင်စိတ် ၂ ခွရှိသူဖြစ်ပြီး စတီရွိုက်ဆေးတွေ သုံးစွဲခဲ့ဖူးကြောင်း၊ ဘာသာရေး ကိုင်းရှိုင်းပေမယ့် သူ ဒီလိုပစ်ခတ်တိုက်ခိုက်တာဟာ ဘာသာရေးကြောင့်လို့တော့ သူမထင်မိဘူးလို့လည်း ဇနီးဟောင်းဖြစ်သူက စီအင်အင်ကို ဖြေကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့ မနက် ၂ နာရီမှာ ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်တိုက်ခိုက်မှု မတိုင်ခင် ၂ ပတ်လောက်က မက်တင်းဟာ သေနတ်အရှည်တလက်နဲ့ ဂလော့ခ် ပစ္စတိုတလက်ကို တရားဝင်ဝယ်ယူခဲ့တာဖြစ်တယ်လို့ အရက်၊ ဆေးရွက်ကြီးနဲ့ လက်နက်နဲ့ ပေါက်ကွဲစေတတ်သောပစ္စည်း ထိန်းသိမ်းကာကွယ်ရေးဗျူရိုရဲ့ လက်ထောက်အထူးအေးဂျင့် တာဝန်ခံ ထရက်ဗား ဗယ်လီနောက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ “သူက တားမြစ်ပိတ်ပင်ခံထားရတဲ့ပုဂ္ဂိုလ် မဟုတ်တဲ့အတွက် သူဟာ သေနတ်ဆိုင်ထဲကို တရားဝင် ၀င်သွားပြီး လိုချင်တဲ့လက်နက်တွေကို ၀ယ်လို့ရပါတယ်။ ဒီတိုင်းပဲ လွန်ခဲ့တဲ့ ၂ ပတ်လောက်က သူလုပ်ခဲ့တာပါ” လို့ ဗယ်လီနောက ပြောကြားခဲ့ပါတယ်။ မက်တင်းဟာ အိုင်အက်စ်နဲ့ ဒါမှမဟုတ် တခြား ဂျီဟတ် အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်သွယ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူဝယ်ယူခဲ့တဲ့ လက်နက်တွေဟာ ခေတ်မီကောင်းမွန် ပြင်းထန်အားကောင်းတဲ့ လက်နက်တွေ ဖြစ်တဲ့အတွက် အမုန်းတရားနဲ့ ခုလို လူတွေကို အစုလိုက်အပြုံလိုက် သေအောင် ပစ်ခတ်တိုက်ခိုက်တာကတော့ အလွန်ရက်စက်တဲ့ အကြမ်းဖက်မှုတခု ဆိုတာကတော့ သေချာပါတယ်။ ဒီလိုမျိုးဖြစ်ရပ်ကို အမေရိကန်နိုင်ငံသား မဟုတ်ဘဲ ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့အစည်းမှာမှ လက်ခံနိုင်စရာမရှိပါဘူး။ ကန့်ကွက်ဆန့်ကျင်ရမှာ ဖြစ်သလို နောက်ထပ် ထပ်မဖြစ်ရအောင် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ တားဆီးကာကွယ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ သာမန် အရပ်သားတွေကလုပ်လုပ်၊ အစိုးရ စစ်တပ်၊ ပုလိပ်တပ်ဖွဲ့ကပဲလုပ်လုပ် ဒါဟာ ရက်စက်တဲ့ အကြမ်းဖက်မှုပဲ ဖြစ်ပါတယ်။ ဒီလို အရုပ်ဆိုးတဲ့ ဖြစ်ရပ်မျိုးတွေကို ၀ိုင်းဝန်းကာကွယ် တားဆီးကြရမှာ ဖြစ်ပါတယ်။ ခု အော်လန်ဒို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မှုအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်က “ဒီအရိုင်းအစိုင်း ရာဇ၀တ်မှုမှာ မိသားစု ဆုံးရှုံးသွားခဲ့ရသူတွေ၊ ချစ်ခင်သူတွေ ဆုံးရှုံးသွားရသူတွေအတွက် ရုရှားပြည်သူတွေက ထပ်တူ နာကျင်ခံစားမှု၊ ကြေကွဲဝမ်းနည်းမှုတွေကို ခံစားရပါတယ်” လို့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာမှာ ဖော်ပြခဲ့ပါတယ်။ အလားတူပဲ ပြင်သစ်သမ္မတ ဟော်လင်ဒေးကလည်း အကြမ်းဖက်ပစ်ခတ်မှုကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်ကလည်း သူ့ရဲ့ထုတ်ပြန်ချက်မှာ သေဆုံးသွားရသူတွေရဲ့ မိသားစုတွေ၊ ဒဏ်ရာရသွားသူတွေ အားလုံးအတွက် ကရုဏာတရားနဲ့ ဆုတောင်းပေးမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ပထမဆုံး လိင်တူချစ်သူပါလို့ ဖွင့်ပြီးဝန်ခံတဲ့ ၀စ်ကွန်းဆင် ဒီမိုကရက် အထက်လွှတ်တော်အမတ် တမ်မီ ဘော်လ်ဒွင်ကလည်း သူ့ရဲ့ထုတ်ပြန်ချက်မှာ “အယ်လ်ဂျီဘီတီ လူ့အဖွဲ့အစည်းကို ပစ်ခတ်တိုက်ခိုက်တာသာ မဟုတ်ပါဘူး။ ကျမတို့ ချစ်မက်လက်ခံထားတဲ့ လွတ်လပ်မှုတွေကိုပါ တိုက်ခိုက်လိုက်တာပါပဲ” လို့ ဖော်ပြထားခဲ့ပါတယ်။ စိုးရိမ်စရာတခု ဖြစ်လာတာကတော့ ဒီအကြမ်းဖက် အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမေရိကန်ပြည်ထဲကို တခြားနိုင်ငံက လူတွေ မ၀င်နိုင်အောင် ပိတ်ပစ်ဖို့နဲ့ အစ္စလာမ် ဆန့်ကျင်ရေးတွေ ပြောဆိုပြီး ရီပတ်ဗလစ်ကန်ပါတီရဲ့ သမ္မတလောင်းဖြစ်လာသူ ဒေါ်နယ်လ် ထရမ့်ကိုများ အမေရိကန် မဲဆန္ဒရှင်တွေက မဲပေးလိုက်ကြရင်……ဆိုတာပါပဲ။ စိုးနေလင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024