ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေး

7.5K
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဒီကနေ့ မနက်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်ရေးကိစ္စရပ်တွေ ဆောင်ရွက်နေမှုအခြေအနေ၊ ရခိုင်ပြည်နယ်ကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေများကိစ္စ၊ လွတ်လပ်စွာစုဝေးခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကိစ္စ၊ စီးပွားရေး၊ လူမှုရေးအခွင့်အရေးများဆိုင်ရာကိစ္စတွေ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက ပါဝင်ဖို့ ကျန်ရှိနေတဲ့ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ အဓိက စာချုပ် တွေကိုမှာ ဝင်ရောက်ရေးကိစ္စရပ်တွေအပေါ် အမြင်ချင်း ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ နိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မစ္စယန်ဟီးလီဟာ ဇွန်လ ၁၉ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်၊ ရှမ်း၊ ကချင်၊ ရခိုင် ပြည်နယ်တွေကိုလည်း သွားရောက်လေ့လာမှာဖြစ်ပါတယ်။
သူ့အနေနဲ့ အစိုးရသစ်လက်ထဲမှာ ဒါပထမဆုံးအကြိမ် လာရောက်လေ့လာတာဖြစ်ပြီး ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာဖို့ရှိနေပါတယ်။