ဆေးရုံအရေးပေါ်ခန်းတွင်း လူငယ်အုပ်စု ၂ စု ထိုးကြိတ်ရန်ဖြစ်သည့်ရုပ်သံ ပျံ့နှံ့

ထိုင်းနိုင်ငံတောင်ပိုင်း၊ ခန်ဖွန်ဆေးရုံရဲ့ အရေးပေါ်ခန်းအတွင်းမှာ ဇွန်လ ၁၉ ရက် မနက်အစောပိုင်းက လူငယ်အုပ်စု ၂ စု ထိုးကြိတ်ရန်ဖြစ်ခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ဇွန်လ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ ဖြစ်ခဲ့တဲ့ ဒီရန်ပွဲကို လျှို့ဝှက်ကင်မရာမှတဆင့် ဖမ်းမိခဲ့တာဖြစ်ပြီး အွန်လိုင်းပေါ် တဆင့်မျှဝေခဲ့ချိန်မှာ ၀င်ရောက်ကြည့်ရှုသူ ၁ သိန်းထိ ရှိခဲ့တယ်လို့ ထိုင်းရတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ လူငယ်အုပ်စု ၂ စုဟာ ထိုးနှက်တိုက်ခိုက်ခဲ့ကြပြီး ဆေးရုံသုံး ပစ္စည်းတွေလည်း လေပေါ်ပျံဝဲ ပျက်စီးခဲ့ကာ ဆေးရုံဝန်ထမ်းတွေက အမိန့်ပေးလိုက်ချိန်မှာ လူစုခွဲ ထွက်သွားခဲ့ကြတာကို တွေ့ရပါတယ်။
အွန်လိုင်းပေါ်မှ ရုပ်သံဗွီဒီယိုဖိုင်နဲ့ပတ်သက်ပြီး အင်တာနက်အသုံးပြုသူတဦးက “သူတို့အနေနဲ့ လေးစားမှုကို ပြသင့်ပါတယ်။ ဒါဟာ ဆေးရုံလေ” လို့ မှတ်ချက်ရေးခဲ့ပါတယ်။
အွန်လိုင်းစာမျက်နှာတွေပေါ်မှာတော့ ဒီဆိုးသွမ်းလူငယ်တွေနဲ့ ပတ်သက်လို့ ဝေဖန်နေကြပြီး လူတွေကို ကူညီနေကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေအနေနဲ့ ခုလိုပြဿ နာမျိုးတွေ မရှိသင့်ဘူးလို့ ပြောနေကြတာပါ။
ဆေးရုံတာဝန်ရှိသူ ချက်ချိုင်ဆီရိနမ်ဝေါင်ကတော့ ဒီအကြမ်းဖက်မှုဟာ မနက်ခင်း အစောပိုင်း ၃ နာရီမှာ အရေးပေါ်ခန်းတွင်း ဖြစ်ခဲ့တာဖြစ်ပြီး ဆေးရုံဝန်ထမ်းတွေမှာ ထိခိုက်ဒဏ်ရာရတာတွေ မရှိခဲ့ဘူးလို့ ပြောပါတယ်။
ချန်ဖွန် ဗဟိုရဲစခန်းကတော့ ဒီအဖြစ်အပျက်မတိုင်ခင်မှာ ဆူရီဝေါင်ဟိုတယ်အနီးက ဖျော်ဖြေရေးဧရိယာတခု အနီးမှာလည်း ခုလို အုပ်စု ၂ စု တိုက်ခိုက်မှုဖြစ်ခဲ့ပြီး လူတချို့ ထိခိုက်ဒဏ်ရာ ရှိခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီလူငယ်အုပ်စု ၂ စုဟာ ဆေးရုံမှာ နောက်တကြိမ် ပြန်ဆုံပြီးနောက် ခုလို ဖြစ်ခဲ့တာလို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတဦးရဲ့ မိခင်က ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီး လက်ရှိမှာတော့ ဆေးရုံတာဝန်ရှိသူတွေက စီစီတီဗွီကင်မရာမှတဆင့် စုံစမ်းမှုတွေ လုပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။