A d v e r t i s e m e n t With Us

လမ်းဘေးလက်ရန်းနှင့်တိုက်မိပြီး ကားပေါ်မှ ၈ လအရွယ် ကလေးငယ် ထွက်ကျ သေဆုံး

ဓာတ်ပုံ - Daily News
ထိုင်းနိုင်ငံ၊ လန်ပန်းမြို့၊ လမ်းမတခုပေါ်မှာ ဇွန်လ ၁၉ ရက်နေ့ ညပိုင်းက ပစ်ကပ်ကားတစီးဟာ အိမ်ပြန်လာချိန်မှာ လမ်းဘေးလက်ရန်းနဲ့ တိုက်မိပြီး ကားပေါ်မှ ၈ လသား ကလေးငယ်တဦး ထွက်ကျ သေဆုံးခဲ့ပါတယ်။ မိုးသည်းသည်းထန်ထန်ရွာနေချိန် ည ၇ နာရီလောက်မှာ လန်ပန်း-တာ့ခ် လမ်းမကြီးပေါ်မှာ ဆမ်မရန် ခမ်မလာ အမည်ရ အမျိုးသားတဦး မောင်းနှင်လာတဲ့ကားက တိုက်မိခဲ့ပြီး ခုလိုဖြစ်ခဲ့တာပါ။ အဆိုပါကားကို ဖခင်ဖြစ်သူက မောင်းနှင်လာတာဖြစ်ပြီး ၄ နှစ်အရွယ်သားငယ်နဲ့ ၈ လသား သမီးငယ်ကို ဇနီးဖြစ်သူက ပွေ့ချီလျက်သား လိုက်ပါလာကြတာဖြစ်တယ်လို့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီအချိန်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းနေခဲ့ပြီး ကားမှန်ကို အဆက်မပြတ် ရေသုတ်နေခဲ့ရပြီး တောင်စောင်းတခုပေါ်က အဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးလက်ရန်းနဲ့ တိုက်မိခဲ့တာပါ။ တိုက်မိတဲ့အရှိန်ကြောင့် ကလေးငယ်ဟာ မိခင်ဖြစ်သူရဲ့ လက်ထဲကနေ လွတ်ထွက်ပြီး ကားပေါ်ကနေ လွင့်ထွက်သွားခဲ့တာပါ။ ကလေးငယ်ဟာ လမ်းဘေးက မြောင်းတခုထဲကို ကျသွားခဲ့ပြီး သတိလစ် မေ့မျောသွားခဲ့ပါတယ်။ အဲဒီနောက်မှာ သူတို့မိသားစုဟာ နောက်ကလိုက်ပါလာတဲ့ ကားတစီးအကူအညီနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ကလေးငယ်ဟာ သေဆုံးသွားခဲ့တာပါ။ ရဲတွေက ပြတင်းပေါက်မှန် ကွဲကြေပျက်စီးနေတဲ့ ကားကို တွေ့ခဲ့ရပြီး ကလေးငယ်ဟာ ပြတင်းပေါက်မှတဆင့် ထွက်ကျသွားခဲ့တာဖြစ်မယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up