နော်ဝေတွင် ဒေါ်အောင်ဆန်းစုကြည် ပန်းခြံ ဖွင့်လှစ် (ဓာတ်ပုံ)
DVB
·
June 19, 2016
နော်ဝေနိုင်ငံ တောင်ပိုင်းက Froland မြို့မှာ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံဖွင့်ပွဲအခမ်းအနားကို ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
မြို့ခံတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ ပြည်သူ့ဥယျာဉ်ပန်းခြံထဲက မြေနေရာတခုကို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအဖြစ် ထားရှိခဲ့တာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အသက် ၇၁ နှစ်ပြည့်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Kjell Magne Bondevik ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး အဲဒီပွဲကို နော်ဝေနိုင်ငံသားတွေနဲ့ နိုင်ငံတကာရောက် မြန်မာပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
နော်ဝေနိုင်ငံ အော်စလိုမြို့၊ နိုဘယ်လ်ငြိမ်းချမ်းရေးစင်တာမှာ ထားရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတူကြေးရုပ်နဲ့ ဆင်တူ ကြေးရုပ်ကိုလည်း ပန်းခြံအသစ်မှာ ထားရှိဖို့ နော်ဝေရောက် မြန်မာအသိုင်းအ၀ိုင်းက စီစဉ်နေပါတယ်။
နော်ဝေနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုတွေကို အစဉ်တစိုက် အားပေးခဲ့တဲ့ နိုင်ငံဖြစ်ပြီး ၁၉၉၁ ခုနှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
မြန်မာပြည် နိုင်ငံရေးအပြောင်းလဲနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်ပြီးနောက် အစောဆုံး သွားခဲ့တဲ့ နိုင်ငံတွေထဲမှာ နော်ဝေနိုင်ငံ ပါဝင်ပါတယ်။