Home
မြန်မာသတင်း
ယောက်ျားဖြစ်သူအား ငွေပေးသတ်ခိုင်းသည့် ဇနီးနှင့်အပေါင်းပါများကို ဖမ်းမိ
DVB
·
June 19, 2016
ကျောက်ပန်းတောင်းမြို့နယ်မှာ ငွေ ၃ သိန်းပေးပြီး  ယောက်ျားဖြစ်သူအား သတ်ခိုင်းတဲ့ ဇနီးနဲ့အပေါင်းပါတွေကို ရဲတပ်ဖွဲ့က ဒီနေ့ ဖော်ထုတ်ဖမ်းဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က ကျောင်းပန်းတောင်းမြို့ အနောက်ဘက် ၅ မိုင်လောက်အကွာမှာ အမည်မသိ အမျိုးသားအလောင်းတလောင်းကို တွေ့ရှိထားကြောင်း ဒေသခံတွေရဲ့ သတင်းပေးချက်အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ သေသူအမျိုးသားကို မှောက်လျက်အနေထား ဆိုင်ကယ်နဲ့ဖိထားပြီး ဓားနဲ့ ထိုးသွင်းဒဏ်ရာ ၉ ချက် တွေ့ရှိခဲ့လို့ ကျောက်ပန်းတောင်း ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကာ တရားခံတွေ ဖမ်းမိရေး စုံစမ်းစစ်ဆေးခဲ့တယ်လို့ ကျောက်ပန်းတောင်း ရဲစခန်းက ပြောပါတယ်။ ဒီနောက်မှာတော့ ရဲတပ်ဖွဲ့က စုံစမ်းချက်အရ သေဆုံးသူဟာ ကျောက်ပန်းတောင်းမြို့နယ် နယ်မြေ ၁ စံပြရပ်ကွက်မှာ နေထိုင်တဲ့ ကိုမင်းဇော်ဦးဖြစ်ကြောင်း သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ သေဆုံးသူရဲ့ နေအိမ်မှာ မီးသွေးလုပ်ငန်းလုပ်ကိုင်နေပြီး အလုပ်သမားတွေကို ခေါ်ယူစစ်ဆေးရာကနေ ဇနီးဖြစ်သူ မအေးအေးချိုက အခကြေးငွေ ၃ သိန်းပေးပြီး သတ်ခိုင်းခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ကြတယ်လို့ ရဲစခန်းက ပြောပါတယ်။ သေဆုံးသူ မင်းဇော်ဦးဟာ မအေးအေးချိုရဲ့ လေးဆက်မြောက် အိမ်ထောင်ဖြစ်ပြီ လင်းမယားချင်း စကားများရန်ဖြစ်ကြလို့ ဇနီးဖြစ်သူ မအေးအေးချိုဟာ မီးသွေးအလုပ်သမားတွေဖြစ်တဲ့ အောင်အောင်ကို ငွေ ၃ သိန်း၊ ကိုထက်နဲ့ ကိုဖြိုးဝေတို့ကို ငွေ ၅ သောင်းစီပေးမယ်လို့ ပြောဆိုစည်းရုံးပြီး သတ်ခိုင်းခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားပုံမှာ ဇွန် ၁၅ ရက်နေ့ညက ဘုရားခန်းမှာ ကိုမင်းဇော်ဦး အိပ်ပျော်နေစဉ် ကိုထက်နဲ့ ကိုဝေဖြိုးတို့က ချုပ်ထားပေးပြီး အောင်အောင်က ဓားနဲ့ထိုးသတ်ခဲ့ကြောင်း၊ ဒီနောက် ညသန်းခေါင် ၁၂ ၀န်းကျင်လောက်မှာ သေသူကို ဆိုင်ကယ်ပေါ်တင်ကာ သွားရောက်ပစ်ခဲ့ကြတာလို့ ဆိုပါတယ်။ လူသတ်မှုနဲ့ ပတ်သက်ပြီး မအေးအေးချိုအပါအ၀င် အပေါင်းပ ၆ ဦးတို့ကို  ကျောက်ပန်းတောင်းရဲစခန်းက ရာဇသတ်ကြီး ပုဒ် ၃၀၂အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - အာကာမင်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024