အိန္ဒိယက မြန်မာနိုင်ငံတွင် ပဲစိုက်ပျိုးမည်
DVB
·
June 19, 2016
အိန္ဒိယနိုင်ငံဟာ နိုင်ငံတွင်း ပဲနဲ့ တခြားကောက်ပဲသီးနှံစရိတ်စက ကြီးမြင့်လာမှု တွေကြောင့် မြန်မာနိုင်ငံနဲ့ မိုဇမ်ဘစ်နိုင်ငံတွေမှာ ပဲစိုက်ပျိုးမှုတွေ မကြာခင်မှာ လုပ်သွားမယ်လို့ ဆင်ဟွာသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။
အိန္ဒိယ စားနပ်ရိက္ခာဆိုင်ရာဝန်ကြီး ရမ်ဗီလက်စ် ပတ်ဆ၀မ်က ဒေသတွင်း ရုပ်မြင် သတင်းဌာနတခုနဲ့ တွေ့ဆုံချိန်မှာ ခုလိုပြောလိုက်တာပါ။
“ကျနော်တို့အနေနဲ့ ပဲစိုက်ပျိုးထုတ်လုပ်မှု၊ ဒါမှမဟုတ် ကာလရှည် သဘောတူညီ မှုတခုခုနဲ့ လုပ်ဆောင်သွားမှာပါ။ ဒီအတွက် မြန်မာနိုင်ငံနဲ့ မိုဇမ်ဘစ်နိုင်ငံတွေဆီ ကျနော်တို့ဆီက အဖွဲ့တဖွဲ့ကို စေလွှတ်သွားမှာပါ။”
အိန္ဒိယနိုင်ငံရဲ့ ပဲစိုက်ပျိုးထုတ်လုပ်နိုင်မှုဟာ ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်းမှာ ကျဆင်းလာခဲ့ပြီး မုတ်သုံရာသီဥတုကြောင့် အကျိုးသက်ရောက်မှုတွေရှိခဲ့တယ်လို့ သူက ပြောပါတယ်။
ပဲဟာ အိန္ဒိယလူမျိုးတွေအတွက် အဓိကစားသောက်ကုန်တမျိုးဖြစ်ပေမယ့် လက် ရှိမှာတော့ ဈေးနှုန်းတွေဟာ ၁ ကီလိုဂရမ်ကို ရူပီးငွေ ၂၀၀(အမေရိကန်ဒေါ်လာ ၃ ဒေါ် လာ)ထိမြင့်တက်နေခဲ့တာပါ။
တခြားကောက်ပဲသီးနှံတွေဖြစ်တဲ့ ခရမ်းချဉ်သီးနဲ့ အာလူးတို့လို အသီးအနှံတွေရဲ့ ဈေးနှုန်းတွေဟာလည်း ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းမှာ တက်လာခဲ့တာပါ။
အိန္ဒိယအစိုးရကတော့ ဈေးနှုန်းကြီးမြင့်လာမှုတွေကို မထိန်းချုပ်နိုင်ခဲ့တဲ့အတွက် ဝေဖန်မှုတွေခံနေရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။