ပျောက်ဆုံး ဗီယက်နမ် လေယာဉ်အပိုင်းစ ပြန်တွေ့ပြီ

ပျောက်ဆုံးနေတဲ့ ဗီယက်နမ် လေယာဉ်အပိုင်းအစတွေကို ပြန်တွေ့ပြီလို့ ဗီယက်နမ် နိုင်ငံပိုင် မီဒီယာ VTV က ဇွန် ၁၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဗီယက်နမ် ကမ်းခြေစောင့်တပ်ဖွဲ့ပိုင် လေယာဉ်တစင်းဟာ ဇွန် ၁၄ ရက်နေ့က ပင်လယ်ပြင်မှာ ပျက်ကျသွားတဲ့ ရုရှားလုပ် တိုက်၇ျက်လေယာဉ်နဲ့ လေယာဉ်မှူး ၂ ဦးကို ရှာဖွေရင်းနဲ့ ဇွန် ၁၆ ရက်နေ့က ထပ်မံ ပျောက်ဆုံးခဲ့ပါတယ်။
SU-30 MK2 တိုက်ဂျက်လေယာဉ်ကို လိုက်ရှာရင်း ပျောက်သွားတဲ့ အဲဘက်စ် CASA C212 လေယာဉ်မှာ လူ ၉ ဦး လိုက်ပါသွားခဲ့ပါတယ်။ သူတို့ ကံကြမ္မာကိုတော့ အတိအကျ မသိရသေးပါဘူး။
အခုတွေ့တဲ့ အပိုင်းအစတွေထဲမှာ လေယာဉ်ရဲ့ အမှတ်တဆိပ်ကို တွေ့ရသလို တာယာတခု၊ ထိုင်ခုံတလုံးနဲ့ လေယာဉ်ဝန်ထမ်းတွေရဲ့ ပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
တွေ့တဲ့နေရာကတော့ တရုတ်နဲ့ ဗီယက်နမ်ကြားက Bach Long Vi ကျွန်း အနားမှာပါ။ VnExpress သတင်းအရ ဇွန် ၁၄ ရက်နေ့က ပျက်ကျသွားတဲ့ တိုက်ဂျက်လေယာဉ်ကို မောင်းနှင်ခဲ့တဲ့ လေယာဉ်မှူးရဲ့ အလောင်းကို ဇွန် ၁၇ ရက်နေ့မှာ ငါးဖမ်းလှေတစင်းက Thanh Hoa ပြည်နယ်ဘက်က ကမ်းလွန်ရေပြင်မှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်၊ တွဲဖက် လေယာဉ်မှူးကိုတော့ ငါးဖမ်းလှေတစင်းက ကယ်တင်နိုင်ခဲ့ပါတယ်။
လေ့ကျင့်ရင်း ပျက်ကျသွားတဲ့ ပထမ လေယာဉ်ကို ရှာဖွေရင်းနဲ့ ဒုတိယ လေယာဉ်ပါ ထပ်ပြီး ပျက်ကျသွားတဲ့အကြောင်းက ရာသီဥတုဆိုးတာကြောင့် ဖြစ်နိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။