ဆည်ရေလွှတ်သဖြင့် တောင်ငူတွင် ရေကြီး
နော်နိုရင်း
·
September 13, 2011
ဆည်ရေလွှတ်တဲ့အတွက် တောင်ငူမြို့နဲ့ အနီးဝန်းကျင်မှာ ရေကြီးနေပြီး ထောင်နဲ့ချီတဲ့ ရေဘေးသင့်သူတွေ ရေလွတ်ရာကို ရှောင်တိမ်းနေရပါတယ်။
ရေလျှံနေတဲ့ ပသိဆည်၊ ခပေါင်းချောင်းနဲ့ ဆွာချောင်း ရေလှောင်တမံတို့ကနေ ရေတွေကို ဖောက်လွှတ်လိုက်တဲ့အတွက် တောင်ငူမြို့အပါအဝင် အနီးဝန်းကျင် ကျေးရွာတွေမှာ ရေနစ်မြုပ်နေတာလို့ တောင်ငူမြို့ခံတဦးက ပြောပါတယ်။
စစ်တောင်းမြစ်ရေ တက်တာကြောင့်လည်း ခုလ ၁၀ ရက်နေ့ကတည်းက တောင်ငူမြို့အတွင်း ရေကြီးနေပြီး စစ်တောင်းမြစ်ဘေးတလျှောက် နေထိုင်သူတွေ ရေလွတ်ရာကို ထွက်ပြေးခိုလှုံနေကြရပါတယ်။
လက်ရှိမှာ ကယ်ဆယ်ရေးစခန်း ၂၀ လောက် ဖွင့်ထားပြီး ရေဘေးဒုက္ခသည် ၅,၀၀၀ လောက် ရှိမယ်လို့ တောင်ငူမြို့ခံက ပြောပါတယ်။
“အခုက ဆည်ကိစ္စကြောင့် ရေကြီးတာ။ မြစ်မှာ စိုးရိမ်ရေထက်ကျော်နေတယ်။ လောလောဆယ် ရေက တနေ့တခြား တက်နေတယ်။ အဆိုးဆုံးနေရာက လေးမိုင်နဲ့ တောင်ငူမြို့ကြား မိုးကောင်းတို့က အခြေအနေတော်တော်ဆိုးနေတယ်။ အရင် ရေကြီးတဲ့နေရာတွေအားလုံးမှာ ရေပြန်တက်တာ။”
တောင်ငူမြို့ အရှေ့ဘက်ကမ်းဘက်မှာ လူတရပ်ကျော် ရေနစ်မြုပ်နေပြီး သွားလာရေး ခက်ခဲနေတယ်လို့လည်း ပြောပါတယ်။
ရေဘေးကြုံသူတွေဟာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြပြီး ရေဘေးသင့်သူတချို့ ဝမ်းရောဂါနဲ့ ဖျားနာမှု စတင်ဖြစ်ပွားနေတယ်လို့လည်း တောင်ငူမြို့ခံက ပြောပါတယ်။
ရေကြီးမှုကြောင့် ရွာတွေကစာသင်ကျောင်းတွေပိတ်ထားပြီး တောင်ငူမြို့တွင်း မှာတော့ ကျောင်းတွေ မပိတ်ပေမယ့် ရေကြီးတဲ့ရပ်ကွက်တွေဘက်က ကျောင်းသူကျောင်းသားတွေ ကျောင်းမတတ်နိုင်ဘူးလို့ သိရပါတယ်။
တောင်ငူမြို့ စစ်တောင်းမြစ်ကမ်းမှာ ပြီးခဲ့တဲ့လက စတင်ရေကြီးခဲ့ပြီး ခုရက်ပိုင်းမှာ ရေပိုတက်လာတာလို့ မြို့ခံတွေက ပြောပါတယ်။